ရုရှားနိုင်ငံထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေ ယူကရိန်းကို မထောက်ပံ့ဘူးလို့ အမေရိကန်သမ္မတ ပြော

ဝါရှင်တန်၊ မေ-၃၁-၂၀၂၂
မျိုးဆက်(VOM)

ရုရှားနိုင်ငံထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ယူကရိန်းကို ထောက်ပံ့မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တာဝေးပစ်ဒုံးပျံစနစ်တွေကို ယူကရိန်းကို ပေးပို့ထောက်ပံ့မှာလားလို့ သမ္မတဂျိုးဘိုင်ဒင်ကို သတင်းထောက်တယောက်က မေ ၃၀ ရက်မှာ မေးမြန်းမှုကို အခုလိုတုံ့ပြန်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားရဲ့ ပြင်းထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းတာ၀န်ရှိသူတွေက တောင်းဆိုမှုပြုနေပါတယ်။

တောင်းဆိုနေတဲ့ လက်နက်တွေထဲမှာ ကီလိုမီတာ ၃၀၀ ထိပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေလည်း ပါ၀င်ပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ အကြီးအကျယ်ပေးနေပါတယ်။

ဒါပေမယ့် ရုရှားကို အလွန်အကျွံရန်စလိုမျိုးကနေ ရှောင်ကြဉ်ဖို့ အမေရိကန်တာ၀န်ရှိသူတွေက သတိထား လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။

လက်ရှိမှာတော့ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းကို အကြီးအကျယ်ထိုးစစ်ဆင်နေပြီး ဖေဖော်ဝါရီလအတွင်းက ယူကရိန်းကိုမကျူးကျော်ခင် လွတ်လပ်ရေးကြေညာထားတဲ့ လူဟန့်စ်ဒေသတခုလုံးနီးပါးက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

Ref: NHK
Photo: LOCKHEED MARTIN
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW