ဂွမြို့နယ်၊ပုန်းညှက်ကျေးရွာအနီး ကမ်းခြေမှာ ဝေလငါးသားပေါက် အသေတစ်ကောင်တွေ့

ဇွန် ၊ ၁ ၊ ၂၀၂၂
SW + SP( VOM)

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့နယ် ၊ ပုန်းညက်ကျေးရွာအနီး ၊ ညောင်ပင်ခြေကမ်းခြေမှာ မနေ့ မေ ၃၁ ရက် ညနေပိုင်းက ဝေလငါး တစ်ကောင် သေဆုံး သောင်တင်နေတာ တွေ့ခဲ့ရတယ်လို့ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။

ဂွမြို့နယ်၊ ဂျိန္တလီမြို့နယ်ခွဲ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးကိုကိုနိုင်က “မနေ့က ကျနော်တို့ကို ပုန်းညက်ကျေးရွာက ရေလုပ်သားတဦး ဖုန်းဆက်ပြီးပြောလာတယ်။ ဝေလငါးလို့ယူဆရတဲ့ အသေတစ်ကောင် လှိုင်းလေတွေပုတ်ပြီး ကမ်းစပ်ကိုရောက်လာတယ်၊ ကျနော်တို့သွားရောက်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်၊ သူက ကျောက်ဆောင်တွေနဲ့ တိုက်ပြီး နာသွားတဲ့နေရာတွေပါတယ်။ သေပြီးမှ တွေ့တာဆိုတော့ ဘာကြောင့်သေသွားသလဲဆိုတာ ပြောရခက်တယ်။ အဲဒီ ငါးအသေကို ဒီတိုင်းထားခဲ့လို့ရှိရင် မိုးတွေရွာ လေတွေတိုက် လှိုင်းတွေပုတ်ခတ်ပြီး တခြားနေရာတွေရောက်သွားပြီး နံစော်ကုန်မှာကြောက်လို့ ဒီရေလွတ်တဲ့နေရာထိ ဆွဲသွားပြီး မြုပ်ထားခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီ ဝေလငါးသားပေါက်ကို ကျေးရွာဒေသခံတွေ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရခိုင်ကမ်းရိုးတန်းဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တို့က ပုတ်ပွသွားပြီး ဘေးဘယမဖြစ်သွားအောင် ဒီရေမရောက်တဲ့သဲပြင်မှာ မြုပ်နှံခဲ့ကြောင်း ပြောပါတယ်။

” အဲ့ဒီ ဝေလငါးဟာ အလျား ၁၀ ပေ ၂ လက်မ ၊ လုံးပတ် ၄ ပေ ရှိတယ် ၊ ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာမသိရပေမယ့် ဂျိန္တလီမြို့ ငါးလုပ်ငန်း ဦးစီးဌာနကတော့ အဲ့ဒီ ဝေလငါးဟာ ကျောက်ဆောင်တွေနဲ့ ပွတ်တိုက် မိတာတွေဖြစ်ပြီး အခုလို သေဆုံးတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပြောတာတော့ ရှိတယ် ” လို့ ပုန်းညက်ရွာခံ ရေလုပ်သား တယောက်က ပြောပါတယ်။

ဝေလငါးဟာ ကမ္ဘာပေါက်မှာ ရေနေနို့တိုက်သတ္တဝါမျိုးဖြစ်ပြီး နိုင်ငံတကာမှာလည်း ဝေလငါးတွေကို မျိုးတုန်းပျောက်ကွယ်မယ့်အန္တရာယ်ကနေ ထိန်းသိမ်းမှုတွေလုပ်လာနေကြတဲ့အတွက် အခုတွေ့ရှိတဲ့ ဝေလငါးအရိုးတွေကိုလည်း ပြတိုက်တွေမှာ ခင်းကျင်းပြသထားလို့ရတယ်လို့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေတဲ့ ကိုရန်နောင်စိုးက ပြောပါတယ်။

“ ရေထဲမှာဆိုရင် ဝေလငါးတွေက အကောင်ကြီးတဲ့ နို့တိုက်သတ္တဝါမျိုးပါ။ သူတို့ရဲ့ ရှင်သန်နေထိုင်မှုတွေကို အန္တရာယ်ဖြစ်စေတဲ့ ဘယ်အရာကိုမဆိုပေါ့ ဥပမာ( လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ငါးတွေကို ပင်လယ်ထဲမှာ တရားမဝင် ငါးဖမ်းကိရိယာတွေနဲ့ အလွန်အကျွံဖမ်းတာတွေ၊ ပြီးတော့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်တာတွေကြောင့် သေဆုံးနိုင်တာဖြစ်နိုင်တယ်။ အဲဒါတွေကို အချိန်မီထိန်းသိမ်းသင့်တယ်” လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း နှစ်စဉ်နှစ်တိုင်း ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ ဝေလငါး အသေ၊ အရှင်တွေကို တွေ့ရတတ်ပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေ၊ ဝေလငါးတွေ အုပ်စုကွဲပြီး လမ်းပျောက်သွားတာတွေ ကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ပြောဆိုသူတွေလည်း ရှိနေကြပါတယ်။

ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာနဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ ပင်လယ်ကမ်းစပ်မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အကောင်ကြီးတစ်ကောင် သောင်တင်ဖူးတာရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ တုန်းကလည်း ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ်မှာ ဝေလငါး သားပေါက် ၁ ကောင် အလားတူ ဖြစ်စဥ်မျိုး ဖြစ်ခဲ့ပါသေးတယ်။

photo- San Myat Shwe/ Fb
#voiceofmyanmar #VOM #ဂွ #ဝေလငါး #အသေတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW