ချင်းတွင်းမြစ်ဘေးက ရွာပေါင်း ၁ ဒါဇင်ကျော် မီးရှို့ခံရပြီး ဒေသခံတွေ တိမ်းရှောင်နေရ

ဇွန် ၊ ၃ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်၊ချင်းတွင်းမြစ်ကြောင်းဘေးက ရွာပေါင်း ၁ ဒါဇင်ကျော်ဟာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒေသခံရွာသားတွေဟာ မနေ့က ညပိုင်းအချိန်ထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ကနီနယ်ခံတွေဆီက သိရပါတယ်။

” ရွာထဲကို လက်နက်ကြီးကျည်တွေ ပေါက်ကွဲတယ် ၊ ဘယ်က ထုမှန်း မသိဘူး ၊ ရွာက လူတွေအကုန် ထွက်ပြေး တိမ်းရှောင်နေရတယ် ၊ မီးရှို့ခံရတာကြောင့် ရွာက အိမ်ခြေ ၂ ရာကျော် မီးလောင်တယ် ၊ နောက်ပြီး ရွာက ရေယာဥ် ၅ စီးပါ မီးရှို့ခံရတာ “လို့ ကင်းကျေးရွာနေ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီရွာဘက်တွေမှာ မနေ့က အချိန်ထိ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်နေတဲ့အတွက် ကလေးတွေ ကျောင်းအပ်နှံဖို့ အဆင်မပြေ ဖြစ်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလို တိုက်ပွဲရှောင် ပြေးလွှားနေရတာကြောင့် ကလေးတွေ ကျောင်းထားဖို့ အခက်အခဲဖြစ်နေရတဲ့ ရွာတွေကတော့ ကနီမြိုနယ် ကင်းအုပ်စု ၊ အထက်ကင်း ၊ ဘုမ္မဇင်းအုပ်စု ၊ ချမ်းသာစု ၊ နတ်ကြီးအုပ်စု ၊ ဝက်​ချောင်းကြီး ၊ ရွာသာ ၊ ဝက်​ချောင်း​လေး ၊ ကဲ​ဒေါင်အုပ်စု ၊ ကင်း​တောင်အုပ်စု ၊ သရက်​တော ၊ ဆင်စမ်း ၊ လက်ပံစု စတဲ့ ရွာ တွေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ရွာတွေဟာ ပြီခဲ့တဲ့ မေလကုန်ပိုင်းကစလို့ အခုလ ၂ ရက်အထိ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ PDF တွေ အကြား တိုက်ပွဲငယ်တွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ရွှေဘို ၊ ဒီပဲယင်း ၊ဝက်လက်၊ ရေဦး ၊ ခင်ဦး ၊ ကန့်ဘလူ ၊ ကလေး ၊ မင်းကင်း ၊ ကနီ ၊ အရာတော် ၊ ပုလဲ စတဲ့မြို့နယ်တွေဘက်က ကျေးရွာပေါင်း ၈၀ နီးပါး မီးရှို့ခံရပြီး မီးလောင်ဆုံးရှုံးတဲ့ အိမ်ခြေပေါင်း ၃ ထောင်ကျော်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

သတင်းမှတ်တမ်းတွေအရ သိရပေမယ့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ လူမှုရေးရာ ဝန်ကြီးဌာနကတော့” စစ်ကိုင်းတိုင်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ပဋိပက္ခဖြစ်စဥ်ကြောင့် ရွာမီးလောင်ရတဲ့ အကြိမ် အရေအတွက် ၅၁ ကြိမ်ရှိတယ် ၊ မီးဘေးသင့် ဒုက္ခသည် အိမ်ထောင်စု ၇၅၅ စု နဲ့ မီးဘေးသင့် အိုးအိမ်မဲ့ ပြည်သူ ၄၆၁၇ ဦးရှိတယ်၊ အဲ့ဒီ မီးဘေးကိစ္စကို ကူညီပေးဖို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ငွေကျပ် ၁၅၇ ၉၆၄ သန်း ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် ၁၉၀ ၉၆၄ သန်း ၊ နှစ်ရပ်ပေါင်း ငွေကျပ် ၃၄၈ ၉၄၈ သန်း ဆောင်ရွက်ပြီး ဖြစ်တယ် “လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ကျေးရွာအတော်များများ မီးရှို့ခံရတယ်ဆိုတာပဲ သိရတာဖြစ်ပြီး ဘယ်သူတွေက ရှို့တယ်ဆိုတာကို VOM က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
.
#voiceofmyanmar #VOM #ကနီ #တိုက်ပွဲ #ဒေသခံတွေတိမ်းရှောင်နေရ

Related posts

Leave a Comment

VOM News

FREE
VIEW