ရခိုင်နယ်စပ်ကုန်သွယ်ရေးမှာ အခက်အခဲတွေရှိနေ

ဇွန် ၆-၂၀၂၂
SW(VOM)

၁။ ရခိုင်နယ်စပ်ကုန်သွယ်ရေး အခက်အခဲ

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကုန်သွယ်မှုပြုလုပ်ရာမှာ အခက်အခဲတွေရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းဆီကနေ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကုန်သွယ်မှုပြုလုပ်ရာမှာ ရခိုင်ပြည်နယ်က နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုကနေ ကုန်တွေကို တင်ပို့တာဖြစ်ပြီး အဲဒီလို ကုန်တွေတင်ပို့တဲ့အခါ လမ်းခရီးအခက်အခဲနဲ့ တခြားအခက်အခဲတွေရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း(RSCCI) အတွင်းရေးမှူး ဦးအောင်အောင်က “မောင်တောမှာက လမ်းတွေအရမ်းဆိုးတယ်။ ကျနော်တို့ကတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကို ကောင်းအောင် လုပ်ပေးစေချင်တယ်။ အစိုးရအဖွဲ့ကိုလည်း တင်ပြတယ်။ ကညင်ချောင်းစီးပွားရေးဇုန်က အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပူးပေါင်းပြီးလုပ်နေကြတဲ့ ဟာဖြစ်ပါတယ်။ အစိုးရကလုပ်ပေးရဖို့ဆိုရင် အပြင်ကလမ်းဖြစ်နိုင်တယ်။ စီးပွားရေးဇုန်ထဲကလမ်းကိုတော့ စီမံကိန်းအကောင်အထည်ဖော်တဲ့လူတွေက လုပ်ရမယ့်ဟာဖြစ်ပါတယ် ”လို့ ပြောပါတယ်။

ကုန်သည်တွေအနေနဲ့ အဲဒီမောင်တောနယ်စပ်ကုန်သွယ်ရေး ကညင်ချောင်းစီးပွားရေးဇုန်ကုန်သွယ်ရေးစခန်းက လမ်းတွေကို ကောင်းမွန်စေလိုတယ်လို့ ပြောပါတယ်။

“အဲဒီလမ်းကို ဘယ်သူပဲလုပ်လုပ် ကျနော်တို့ကတော့ ကုန်သွယ်မှုအတွက် သွားနေတဲ့လမ်းကို ကောင်းစေချင်တယ်။ စစ်တွေက ရွှေမင်းဂံကုန်သွယ်ရေးစခန်းမှာလည်း အဲဒီလိုပါပဲ။ ကားတွေက ကားဝင်းထဲဝင်လို့မရ၊ အပြင်မှာရပ်ပြီး ကားနဲ့ အလုပ်သမားတွေနဲ့ ပြောင်းရတယ်။ ဒါကြောင့် ကုန်တင်ကုန်ချစနစ်တွေ လွယ်ကူချောမွေ့အောင် လုပ်ပေးသင့်တယ်လို့ ကျနော်တို့မြင်ပါတယ်” လို့ ဦးအောင်အောင်က ဆက်ပြောပါတယ်။

အခုနှစ် မိုးဦးကာလဖြစ်တဲ့ မေလအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကိုသွားတဲ့လမ်းတွေ အကြီးအကျယ် ပျက်စီးယိုယွင်းနေပြီး ကျောက်ခင်းတာနည်းတဲ့အတွက် မြေသားလမ်း သာသာပဲရှိတယ်လို့ သွားရောက်လေ့လာဖူးသူတွေက ပြောပါတယ်။

မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်အဝင်လမ်းကို ပြုပြင်ရေး အခုနှစ် အစိုးရဘတ်ဂျက်ထဲမှာ ပါဝင်ကြောင်း သိရတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောပါတယ်။

“အဲဒီမှာက လမ်း(၂) လမ်းရှိတယ်။ လမ်းအတိုတလမ်းရယ်။ အဲဒါကတော့ ဥက္ကဌ(စီးပွားရေးဇုန်) ဦးအောင်မြင့်သိန်း တို့လုပ်ထားတယ်။ အဲဒီလမ်းက အခုလည်း ကညင်ချောင်းစီးပွားရေးဇုန်ကို သွားနေတယ်။ ဒီဖက် စီးပွားရေးဇုန်အဝင်လမ်းကတော့ ကုန်ခဲ့တဲ့နှစ်က ကားကြီးတွေဟာ ကုန်တွေအဆမတန်တင်ပြီး သွားကြတဲ့အခါ လမ်းက ပျက်သွားတယ်။ အဲဒါကလည်း ပြန်ပြုပြင်ဖို့အတွက် ဒီနှစ် ဘတ်ဂျက်ကျထားတယ်။ သိန်းပေါင်း (၁၂၀,၀၀)ကျထားတယ်”လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောပါတယ်။

ကားသမားတွေအနေနဲ့လည်း ကုန်တန်ချိန်တွေတင်ဆောင်တဲ့အခါ သတ်မှတ်တန်ချိန်ထက် ပိုတင်ဆောင်တဲ့အတွက် လမ်းတွေပျက်စီးရတာလည်းရှိတယ်လို့ ဦးလှသိန်းကဆက်ပြောပါတယ်။

“အငူမော်ကနေ မောင်တောကိုသွားတဲ့ နဂိုရှိရင်းစွဲ ကွန်ကရစ်လမ်းက ၁၃ တန်ပဲ ခံနိုင်ရည်ရှိတယ်။ ဒါကြောင့် ၁၃ တန်ပဲ ခံနိုင်ရည်ရှိတဲ့လမ်းမှာ (၂၂) ဘီးကား သွားချင်လို့ မရဘူးလေ။ ခရေမြိုင်တို့ တိုင်းရင်းသားကျေးရွာတွေဖက်က ဖောက်ထားတဲ့လမ်းက တန်ချိန် (၁၃) တန်ပဲ ခံနိုင်ရည်ရှိတယ်။ ကားသမားတွေက တစ်ခါတည်းနဲ့ တန်ချိန် (၆၀)လောက် တင်ချင်ကြတယ်။ သူ့စီးပွားရေးအတွက် ဒီလမ်းကို မပျက်မှ ဒီကုန်သွယ်မှုဖြစ်နေမယ်ဆိုလို့ရှိရင် ကားသမားတွေမှာလည်း တာဝန်ရှိတယ်။ လမ်းနှစ်ပိုင်းကျိုးသွားလို့ မသွားရဘူးဆိုရင် ပျက်ပြီပေါ့” လို့ ဦးလှသိန်းကပြောပါတယ်။

ကညင်ချောင်းစီးပွားရေးဇုန်ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က အစိုးရ(၆၅%)၊ ပုဂ္ဂလိက(၃၅%) လုပ်ငန်းရှင်တွေပူးပေါင်းပြီး ငွေကျပ်သိန်းပေါင်း (၄) သောင်းနီးပါးနဲ့ စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့တာဖြစ်ပြီး အစိုးရဖက်က ငွေကျပ်သိန်းပေါင်း (၂၅၀,၀၀) နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဖက်က ငွေကျပ်သိန်းပေါင်း (၁၃၄,၀၀) ကုန်ကျခံကာ တည်ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း မြန်မာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်သွယ်မှုလုပ်ရာမှာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၃.၅၆)သန်းဖိုး ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း RSCCI ရဲ့ မနေ့ ဇွန်၅ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ အမေရိကန်ဒေါ်လာ (၃.၅၆)သန်းဖိုး ကုန်သွယ်မှုကို ဘင်္ဂလားဒေ့ရှ်နယ်စပ်ဆိပ်ကမ်းဖြစ်တဲ့ တက္ကနဖ် ဆိပ်ကမ်းသို့ မြန်မာဖက်မှ ပို့ကုန်အနေနဲ့ မက်ထရစ်တန်ချိန် (၇၃၁၀) တန်တင်သွင်းနိုင်ခဲ့ပြီး သွင်းကုန်ကတော့ ကန်ဒေါ်လာ (၉၅၄၀)ဖိုးသာ ကုန်သွယ်တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

သွင်းကုန်အနေနဲ့ ရခိုင်ဒေသထွက် ကွမ်းသီး ၊ လဲ့မှို ၊ အုန်းသီး၊ ဒညင်းသီး ၊ ငါးမုတ် ၊ ငါးနီတူခြောက် ၊ ငါးစုံကလေးခြောက် ၊ ငါးကုန်းညိုခြောက် ၊ တံမျက်စည်း အကြမ်း ၊စစ်တုံဉ တို့ကို တင်ပို့ခဲ့ပြီး နိုင်ငံရဲ့အခြားတိုင်းနဲ့ ပြည်နယ်တွေက ထွက်ရှိတဲ့ ဇီးယိုထုတ်၊ဂျင်း(အစို) ၊ ကြက်သွန် ၊ ကုလားပဲ ၊ ဇီးသီးခြောက် ၊ မကျည်းစေ့ ၊ဖိနပ် ၊ချည်လုံချည် ၊ သနပ်ခါးခဲ ၊ကော်ဖီမစ် ၊နေကြာစေ့ နဲ့ ခေါက်ဆွဲခြောက် တို့ကိုလည်း တစ်ဖက်နိုင်ငံ နယ်စပ်ကို တင်ပို့ဆောင်ရွက်နိုင်ခဲ့တယ်လို့ RSCCI က နေ သိရပါတယ်။

ရေထွက်ပစ္စည်းပို့ကုန်တွေအနေနဲ့လည်း ဒေါ်လာ (၁.၉) သန်းကျော်ဖိုး တင်ပို့ခဲ့ပြီး မေလအတွင်းကုန်သွယ်မှု ပို့ကုန်ပမာဏ ရဲ့ ၅၅% လောက် တင်ပို့နိုင်ခဲ့ကာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းရှိ ငါးမွေးမြူရေးကန်ထွက် ငါးတမျိုးဖြစ်တဲ့ ငါးမြစ်ချင်း တင်ပို့မှုမှာလည်း တန်ချိန် (၁၅၀၀) ကျော် (၁.၈၁ သန်းဖိုး) တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

သွင်းကုန်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ စစ်တွေကုန်သွယ်ရေးစခန်းကို တီရှပ် အထည် ၅၀၀၀ (၇၅၀ ဒေါ်လာဖိုး) နဲ့ မောင်တောနယ်စပ်စခန်းသို့ ဒန်ရေအိုးခွက် ၊ PVC ပိုက်ရွယ်စုံ ၊ ပလပ်စတိတ်ရေတိုင်ကီ နဲ့ဘလက်နှိပ်ရေတုံကင်တို့ ပါဝင်တဲ့ ကန်ဒေါ်လာ (၈၇၉၀) ပမာဏရှိတဲ့ ပစ္စည်းတွေကို မေလအတွင်း တင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ရဲ့စီးပွားရေးဟာ ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေနဲ့ နိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် စီးပွားရေးကျဆင်းခဲ့ရပြီး ကုန်သွယ်ရေးလုပ်ငန်းတွေမှာလည်း တနေရာနဲ့တနေရာကို သွားလာတဲ့အခါ အချိန်တွေ ကြန့်ကြာနေတဲ့အတွက် ကုန်ပစ္စည်းဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

“လမ်းခရီး ကြန့်ကြာတဲ့အခါ တချို့ ကုန်စိမ်းတွေဖြစ်တဲ့ ငါးတွေရှိတယ်။ အဲဒီငါးတွေက လမ်းခရီးမှာ ကြန့်ကြာပြီး လိုအပ်တဲ့အချိန်မှာမရောက်ရင် တစ်ဖက်နိုင်ငံကို တင်ပို့တဲ့အခါ အရှုံးပေါ်တာတွေရှိတယ်”လို့ ရခိုင်ပြည်နယ်၊ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း(RSCCI) အတွင်းရေးမှူး ဦးအောင်အောင်က ပြောပါတယ်။

တခါ နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်က ငွေထုတ်တဲ့အခါလည်း အခက်အခဲတွေရှိကြောင်း ဦးအောင်အောင်ကဆက်ပြောပါတယ်။

“ငွေကြေးနဲ့ပတ်သက်ပြီး အကောင့်ဖွင့်လှစ်ခွင့် မရတဲ့ဟာတွေကတော့ ပြေလည်သွားပါပြီ။ ဒါပေမယ့် နိုင်ငံခြား ပို့ကုန်ရောင်းရငွေတွေက ပိုက်ဆံဝင်လာတဲ့အခါ မြန်မာကျပ်ငွေနဲ့ ဘဏ်ကချက်ချင်းလွှဲပါတယ်။ လွှဲတော့ လွှဲလိုက်တယ်၊ ဒါပေမယ့် ငွေသားမရဘူး။ အဲဒီလို ငွေသားမရတဲ့အခါ ကုန်သွယ်မှုမှာ ငွေသားလည်ပတ်မှုက လျော့နည်းသွားပါတယ်။ မလိုလားအပ်ဘဲ ကုန်စည်စီးဆင်းမှုတွေကို နှောင့်နှေး ကြန့်ကြာစေတယ်” လို့ ဦးအောင်အောင်ကပြောပါတယ်။

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ ကညင်ချောင်းစီးပွားရေးဇုန် ကုန်သွယ်စခန်းကနေ ကုန်တွေတင်ပို့ရာမှာ ၂၀၂၁ ခု နှစ်မိုးရာသီမှာလည်း ကုန်ကားတွေသွားလာတဲ့အခါ အခက်အခဲတွေရှိခဲ့ပြီး လက်ရှိအချိန်ထိ ကောင်းမွန်စွာ မပြုပြင်နိုင်သေးဘူးလို့ သိရပါတယ်။

၂။ ရခိုင်နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိကြုံတွေ့နေရတဲ့ လုံခြုံရေးအခြေအနေ

ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကစပြီး ပြည်တွင်းစစ်ရေးပဋိပက္ခတွေဖြစ်ပွားပြီး နယ်စပ်ကုန်သွယ်ရေးနဲ့ ပြည်နယ်တွင်းစီးပွားရေးတွေအပေါ် အနည်းနဲ့ အများထိခိုက်မှုရှိခဲ့ကြောင်း လေ့လာသူတွေကပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကုန်သွယ်မှုပြုလုပ်ရာမှာ ကုန်းလမ်း၊ ရေလမ်း နှစ်သွယ်လုံးကို အသုံးပြု သွားလာကုန်သွယ်နေကြတာဖြစ်ပြီး ကုန်းလမ်းကသွားလာတဲ့အခါ လုံးခြုံရေးအဖွဲ့တွေထံ စစ်ဆေးခံရတဲ့ ကဏ္ဍတွေရှိပြီး ကြန့်ကြာတဲ့အခါရှိသလို အဆင်ပြေချောမွေ့တဲ့အခါလည်း ရှိတဲ့အတွက် ကုန်သည်တွေအနေနဲ့ အချိန်အခါကြည့်ပြီး လုပ်ကိုင်နေကြရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ပြည်မကနေ ကားလမ်းကတဆင့် ကုန်တွေတင်သွင်းတဲ့အခါ ပြည်နယ်ကောင်စီရဲ့ထောက်ခံချက်ပါတဲ့အခါမှာပဲ ဖြတ်သန်းရတဲ့ပစ္စည်းတွေရှိသလို ထောက်ခံချက်မလိုဘဲ ဖြတ်သန်းတင်သွင်းနိုင်တဲ့ ပစ္စည်းတွေလည်းရှိတယ်လို့ သိရပါတယ်။

အဲဒီလို အကြောင်းအချက်တွေကြောင့် ကုန်သည်တွေအနေနဲ့ အများအားဖြင့် ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့အတူ ကုန်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်နေရတာဖြစ်တယ်လို့ ကုန်သည်ကြီးများအသင်းက မှတ်ချက်ပေးပြောပါတယ်။

၃။ လက်ရှိ ရခိုင်ပြည်စီးပွားရေးအခြေအနေ

ပြည်တွင်းစစ်နဲ့ လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေဟာ ရခိုင်ပြည်စီးပွားရေးကို ဘယ်လောက်ထိ ရိုက်ခတ်ခဲ့သလဲဆိုတာကလည်း လူတိုင်သိချင်တဲ့ အရာတခုဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လက်ရှိ စီးပွားရေးအခြေအနေဟာ အများကထင်သလို နိမ့်ဆင်းသွားခြင်းလည်း မရှိသလို ယခုအခြေအနေထက် ဖြစ်ပေါ်တိုးတက်တာမျိုးလည်း မရှိဘူးလို့ ရခိုင်ပြည်နယ် ကုန်သည်ကြီးများအသင်းက သုံးသပ်ပြောဆိုပါတယ်။

ရခိုင်ပြည်နယ် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးတင်အောင်ဦးက “ကျနော်တို့ အမြင်ကတော့ လောလောဆယ် ရခိုင်ပြည်နယ်စီးပွားရေး မကျသွားအောင်အတွက် ရုန်းကန်နေကြရတဲ့အနေအထားမှာရှိပါတယ်။ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းပြတ်လပ်တာတွေ၊ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်မှုတွေကြောင့် တဖြည်းဖြည်းနဲ့ စီးပွားရေးကျပ်တည်းလာတဲ့ အနေအထားမှာရှိနေတယ်”လို့ သုံးသပ်ပြောဆိုပါတယ်။

လက်ရှိမှာ ကုန်သည်တွေက သူတို့ရဲ့ အဆင်မပြေမှုတွေ၊ လိုအပ်ချက်တွေကို ရခိုင်ပြည်နယ် ကုန်သည်ကြီးများအသင်းကို တင်ပြလာတဲ့အနေအထားမှာ ကုန်သည်ကြီးများအသင်းအနေနဲ့ လက်လှမ်းမီသလောက် ပြည်နယ်ကောင်စီအစိုးရအဖွဲ့ကို တင်ပြရတာတွေရှိတယ်လို့ သိရပါတယ်။

“နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ အဆင်ပြောချောမွေ့ဖို့နဲ့ ကုန်ပစ္စည်းရောင်းဝယ်တဲ့အခါ အစိုးရရဲ့လက်ရှိထုတ်ပြန်ထားတဲ့ ပေါ်လစီပိုင်းတွေမှာလည်း ဒီဖက်က ကုန်သည်တွေ နားလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးရတဲ့ ကိစ္စတွေကတော့ လက်ရှိတွေ့လုပ်ဆောင်နေတာတွေ ရှိပါတယ်” လို့ ရခိုင်ပြည်နယ် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးတင်အောင်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #နယ်စပ်ကုန်ကွယ်ရေး #အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW