အမ်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး ဓားဒဏ်ရာ အချက်(၂၀)ကျော်ထိုးခံရပြီး သေဆုံး

ဇွန် ၉-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ ဒီကနေ့ မနက် ၉ နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး နေအိမ်အနီး လမ်းမပေါ်မှာ ဓားနဲ့ ထိုးခံရပြီး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသွားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ အမ်းမြို့ပေါ်၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်ပြီး အသက် (၃၀) ကျော်အရွယ်ရှိ ဦးချစ်ဇော်ဝင်း (ခ) ဦးပိုင်ပိုင် ဖြစ်တယ်လို့ သိရပါတယ်။

သူ့မှာ ဓားဒဏ်ရာ (၂၂)ချက်လောက်နဲ့ သေဆုံးနေတာဖြစ်ပြီး ရင်ဘတ်နဲ့နောက်ကျောကုန်းတို့မှာ ဓားထိုးဒဏ်ရာတွေတွေ့ရပြီး နောက်ကျောမှာ ဓားဒဏ်ရာတွေ ပိုမိုများတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဓားနဲ့ထိုးသွားတဲ့လူတွေဟာ ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်လုပ်ဆောင်သွားတာဖြစ်ပြီး နေအိမ်နဲ့ စစ်မှူးထမ်းဟောင်းရုံးအနီးမှာ အခင်းဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက”ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေ လုပ်သွားလည်း ဆိုတာမသိဘူး။ တရားခံတွေကိုလည်း မမိဘူး”လို့ ပြောပါတယ်။

ဦးချစ်ဇော်ဝင်း လုပ်ကြံခံရတာနဲ့ပတ်သက်လို့ အမ်းမြို့နယ်၊ ဒု- မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးတို့ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

အမ်းမြို့ပေါ်မှာ အခုလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးဓားနဲ့အထိုးခံရပြီး သေးဆုံးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အမ်းမြို့ပေါ်မှာ အခုလိုဖြစ်စဉ် ဖြစ်ပွားမှု နည်းပါးတယ်လို့ သိရပါတယ်။

အမ်းမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ငန်းတွေဆောက်ရွက်နေတဲ့ ကိုမျိုးလွင်ကလည်း ဒီလိုမျိုး ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးဟာ မိမိနေထိုင်တဲ့ ရပ်ကွက်အတွင်း ဓားထိုးခံရတဲ့ဖြစ်စဉ်ဟာ ထူးခြားဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

“တယောက်နဲ့ တယောက် သတ်လို့သေတယ်ဆိုတာက အမ်းမြို့ပေါ်မှာ အရမ်းနည်းပါတယ်။ အခုတော့ ဒဏ်ရာလည်း အများကြီးနဲ့ နေ့အချိန် မြို့ပေါ်မှာဖြစ်တာဆိုတော့ ထူးခြားနေတယ်။ ပြီးတော့ အမ်းမြို့ပေါ်မှာ နစကခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရတယ်ဆိုတာကတော့ ထူးခြားနေပါတယ်”လို့ ကိုမျိုးလွင်ကပြောပါတယ်။

ဓားထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ နစကောင်စီတက်လာပြီးနောက်ပိုင်း ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး တဦးဖြစ်ပြီး နစကလက်ထက် ပထမဆုံးအကြိမ် ဓားထိုးခံရလို့ သေဆုံးခဲ့သူဖြစ်ပါတယ်။

Photo- ကိုမျိုးလွင်(အမ်း)
#voiceofmyanmar #VOM #အမ်း #အုပ်ချုပ်ရေးမှူး #ဓားထိုးခံရပြီးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW