ကျောက်စိမ်း လုပ်ကွက်ဟောင်းထဲ ကားတစီးပြုတ်ကျလို့ လူ ၃ ဦး ပျောက်ဆုံးနေ

ဇွန် ၊ ၉-၂၀၂၂
SP(VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ အေးမြသာယာရပ်ကွက်ထဲမှာရှိတဲ့ လုပ်ကွက်ဟောင်း အင်းထဲကို ဒီမနက် ၉ နာရီဝန်းကျင်က အိမ်စီးကား ၁ စီးပြုတ်ကျပြီး အဲ့ဒီ ကားပေါ်မှာ လိုက်ပါလာတဲ့ မိသားစု ၃ ယောက် ရေနစ်ပျောက်ဆုံးနေတယ်လို့ ဖားကန့်မြို့ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” မိုးနဲ့ဆိုတော့ စလစ်ဖြစ်ပြီး ကားတိမ်းမှောက်သွားတဲ့အခါ အနားက လုပ်ကွက်ဟောင်း အင်းထဲကို ကားရော၊ လူတွေပါ ပြုတ်ကျသွားတာပါ ၊ အခုအချိန် (ဒီကနေ့ နေ့ခင်းပိုင်း)အထိတော့ ကားရော လူပါ ပြန်ဆယ်နိုင်တာ မရှိသေးဘူး ၊ ရှာဖွေနေဆဲ ဖြစ်တယ်”လို့ ဖားကန့်မြို့ခံ ပရဟိတသမားတယောက်က VOM ကို ပြောပါတယ်။

ဖားကန့်မြို့နယ် ၊ မှော်မောင်းလျှံကျေးရွာက ၊ ကလေးငယ် တဦးပါဝင်တဲ့ မိသားစု ၃ ယောက်ဟာ ဒီမနက်ပိုင်းမှာ ကလေးဖြစ်သူကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ ဖားကန့် ပြည်သူ့ဆေးရုံကိုအသွား အခုလို ကားတိမ်းမှောက်ပြီး လုပ်ကွက်ဟောင်း အင်းထဲကို ပြုတ်ကျပျောက်ဆုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဇွန်၇ ရက်ကလည်း ဖားကန့်မြို့နယ် ၊ ဆန်ခါးကျေးရွာနားက တောက်ပကြယ် ကုမ္မဏီလုပ်ကွက်ဘေးက ရေကန်ထဲကို လူငယ် ၁ ဦး ပြုတ်ကျသေဆုံးခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဖားကန့် #လုပ်ကွက်ဟောင်းထဲ #မော်တော်ကားပြုတ်ကျ

Related posts

Leave a Comment

VOM News

FREE
VIEW