ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်ကြားက ရွာ ၅ ရွာထက် မနည်း အိမ်ခြေ ရာနဲ့ချီ မီးလောင်ဆုံးရှုံးနေ

ဇွန် ၊ ၁၈-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်ရဲ့ အနောက်ဘက် ဒီပဲယင်းမြို့နယ်ရဲ့အရှေ့ဘက် မူးမြစ်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတချို့မှာ အိမ်ခြေ ၃ရာနီးပါး မီးလောင်ပြီး အဲ့ဒီရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ လူတွေလည်း ဒီရက်ပိုင်းမှာ ထောင်နဲ့ချီ ရှိနေတယ်လို့ ကူညီလုပ်ကိုင်ပေးနေတဲ့ ပရဟိတသမားတွေဆီက သိရပါတယ်။

” ဒီလ ၁၀ ရက်နောက်ပိုင်းကစလို့ မနေ့ကအထိ ၁ပတ်အတွင်းမှာ ရွှေဘိုနဲ့ ဒီပဲယင်းကြား စစ်ကြောင်းထိုးလာတယ် ၊ ထိတွေ့ပစ်ခတ်မှုတွေ နေရာတချို့မှာ ဖြစ်ပေါ်တယ် ၊ ရွာခံတွေအများစုက ဘေးလွတ်ရာကို ထွက်ပြေးရင်း နေအိမ်တွေကို စွန့်လွတ်ထားပြီးနောက် မီးလောင်ကုန်တယ်”လို့ မူးကမ်းကြီးရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ မူးမြစ်ဝှမ်းဘက်က ယာယီတိုက်ပွဲရှောင်တွေနဲ့ ပတ်သက်ပြီး ကူညီပေးနေတဲ့ နယ်ခံစေတနာ့ဝန်ထမ်း တယောက်က ” လူနေအိမ်တွေ မီးလောင်တာရှိတယ် ၊ ပေါင်ချိုင်ရွာမှာ နေအိမ် ၁၀၇ လုံး ၊ တည်ပင်ရွာမှာ နေအိမ် ၃ လုံး ၊ သန်းတောရွာမှာ နေအိမ် ၂ လုံး ၊ ရေကြည်ဝရွာမှာ နေအိမ် ၂ လုံးနဲ့ မူးကမ်းကြီးရွာမှာ နေအိမ် ၁၅၈ လုံး မီးလောင်ပျက်စီးတယ် ၊ ရေကြည်ဝရွာမှာ ရွာခံတယောက် မီးလောင်သေဆုံးတယ်”လို့ ပြောပါတယ်။

အဲ့ဒီက်ိစ္စတွေနဲ့ပတ်သက်လို့ ရွှေဘိုခရိုင်လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူတဦးက ” အခုရက်ပိုင်း စစ်ကြောင်းထိုးတာရှိတယ် ၊ တိုက်ခိုက်ရေး ၊ ချေမှုန်းရေးအတွက် စစ်ဆင်ရေး လုပ်တာမဟုတ်ဘူး ၊ ကျေးလက်ဒေသက ပြည်သူတွေရဲ့ကိုဗစ်ကာကွယ်ဆေးထိုးနဲ့ အထွေထွေကျန်းမာရေး ၊ နိုင်ငံသားစီစစ်ရေးမှတ်ပုံတင်ကိစ္စ ၊ ပညာရေး ၊ စိုက်ပျိုးရေး စတာတွေအတွက် ကွင်းဆင်းလုပ်ဆောင်ပေးတဲ့ စစ်ကြောင်းဖြစ်တယ် ၊ အဲ့ဒီ ပြည်သူ့အကျိုးပြု ကွင်းဆင်းစစ်ကြောင်းကို ချောင်းမြှောင်း တိုက်ခိုက်လာတဲ့အတွက် ခုခံပစ်ခတ်တာတော့ရှိတယ် ၊ ရွာတွေမီးရှို့တယ်ဆိုတာ စစ်ကြောင်းဘက်က လုပ်ဆောင်တာ မရှိဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ရွှေဘိုမြို့နယ်ရဲ့အရှေ့တောင်ဘက် ဝက်လက်မြို့နယ်နဲ့အကြားက ရွာပေါင်း ၁၉ ရွာမှာလည်း မီးလောင်တာတွေဖြစ်ပွားပြီး လူနေအိမ် ၃ ရာကျော် မီးလောင်ခဲ့ရတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကိုင်းထဲက ကလေး ၊ မင်းကင်း ၊ ကနီ ၊ ယင်းမာပင် ၊ ပုလဲ ၊ မြောင် ၊ ဘုတလင် ၊ အရာတော် ၊ မြင်းမူ ၊ ဝက်လက် ၊ ရွှေဘို ၊ ရေဦး ၊ ဒီပဲယင်း ၊ ခင်ဦး ၊ တန့်ဆည် ၊ ကန့်ဘလူ ၊ ပင်လည်ဘူး စတဲ့ မြို့နယ်တွေဘက်က ရွာတချို့လည်း အလားတူ မီးလောင်တဲ့ ဖြစ်စဥ်တွေရှိခဲ့တယ်လို့ နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘို #ဒီပဲယင်း #ရွာအချို့ #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW