စက်သုံးဆီနဲ့ဓာတ်မြေသြဇာဈေးတွေမြင့်တက်နေလို့ ဧရာဝတီတိုင်းကတောင်သူတွေ အခက်အခဲဖြစ်နေ

ပုသိမ်၊ ဇွန် ၂၀-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းက လယ်သမားအများစုဟာ စက်သုံးဆီဈေးနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ တဟုန်တိုးမြင့်တက်နေလို့ ဒီနှစ်မိုးရာသီထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းလုပ်တဲ့အခါ အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းက လယ်သမားတွေဟာ ထွန်စက်တွေကို အသုံးပြုနေကြပြီး လက်ရှိမှာတော့ ဒီဇယ်ဆီဈေးနှုန်းတွေ အရင်ကထက် လေးဆခန့်မြင့်နေခြင်းနဲ့ စက်သုံးဆီဝယ်တဲ့အခါ လိုသလောက်မရဖြစ်နေလို့ စပါးစိုက်ပျိုးရာမှာ ပိုပြီးအခက်ကြုံနေရတယ်လို့ဒေသခံတောင်သူတွေဆီကသိရပါတယ်။

“မကြာခင်မိုးစပါးတွေက စတင်စိုက်တော့မယ် ၊ စက်သုံးဆီတွေက မတရားထိုးတက်လာတာ။ အရင်ငါးလထက်တောင် ပိုပြီး ဈေးတက်သွားပြီ။ ပြီးတော့လယ်ထွန်စက်တွေအတွက်သုံးနေတဲ့ ဒီဇယ်ကလည်းအရင်လို သိပ်ဝယ်မရတော့ဘူး။ တခါတလေ လုံးဝဝယ်မရတာတောင်ရှိလာတယ်။ ဒီလိုအခက်အခဲတွေကြောင့် အခုအချိန်အထိစပါးစိုက်ဖို့ ဘာမှမလုပ်ရသေးဘူး။”လို့ မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်သမားတဦးကပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဒီကနေ့ဇွန်လ ၂၀ ရက်မှာတော့ စက်သုံးဆီပေါက်ဈေးနှုန်းမှာ အောက်တိန်း(92) တလီတာကို ၂၇၀၀ ကျပ်၊အောက်တိန်း(95) တလီတာကို ၂၅၅၅ ကျပ်၊ဒီဇယ်(ရိုးရိုး)တလီတာကို ၂၉၀၀ ကျပ်၊ပရီမီယံဒီဇယ်(ပရီမီယံ)တလီတာကို ၂၈၅၅ ကျပ် ဈေးရှိနေပြီး တရက်နဲ့တရက် စျေးနူန်းမြင့် တက်လာတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လယ်ယာစိုက်ပျိုးရာမှာအသုံးပြုရတဲ့ပိုးသတ်ဆေး ဓာတ်မြေသြဇာ၊ပေါင်းသတ်ဆေးနဲ့ မှိုသတ်ဆေးဈေးနှုန်းက ယခင်နှစ်တွေကထက် ဈေးနှုန်းတွေ လေးဆကျော်မြင့်တက်နေပြီး နွေစပါးစိုက်ပြီးလို့ ရိတ်သိမ်းခဲ့ချိန်တုန်းကလည်း အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။

“စက်သုံးဆီဈေးတွေပဲတက်လာတာမဟုတ်ဘူး။ စိုက်ပျိုးရေးအတွက်သုံးတဲ့ဆေးတွေကလည်း အကုန်ဈေးတက်ကုန်တာ။အရင်၂နှစ်ထက်ယှဉ်တဲ့ အခါ ဈေးတက်တယ်။အခုက လေးဆလောက်တက်လာတယ်။ဈေးတွေတက်နေတော့ စပါးဧကလျော့စိုက်တော့မယ်။”လို့ ဘိုကလေးမြို့နယ်မှ လယ်သမားတဦးကပြောပါတယ်။

“ စက်သုံးဆီတွေက ခွဲတမ်းနဲ့ ရောင်းလာတာရှိလာတယ်။ အဲ့တာကြောင့် စပါးစိုက်တောင်သူတွေ စက်နဲ့ထွန်နေရတဲ့သူတွေ အဆင်မပြေတော့ဘူး၊တောင်သူတွေက လယ်ထွန်စက်တွေမောင်းဖို့အတွက် ဆီတွေကိုဝယ်ပြီဆိုရင် ပေပါလိုက်ဝယ်ရတာ အခုက အကန့်သတ်နဲ့ဝယ်နေရတော့ အခက်အခဲရှိနေတော။ကျွန်တော်တို့ကလည်း တဆင့်ပြန်ရောင်းသူတွေမို့ အခက်အခဲတွေလျော့ကျဖို့ တောင်သူ၊ဆီရောင်းသူသက်ဆိုင်ရာဌာနတွေကပူးပေါင်းလုပ်ရင် အဆင်ပြေလိမ့်မယ်လို့ယူဆတယ်။”လို့ ပုသိမ်မြို့က စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံမှာ စပါးစိုက်ပျိုးမှုအများဆုံးတိုင်းဒေသကြီးဖြစ်ပြီး လယ်သမားအများစုဟာ သွင်းအားစုစရိတ်ဈေးနှုန်းမြင့်တက်နေလို့ စိုက်ပျိုးရေးစရိတ်နဲ့ ဘဏ်ချေးငွေတွေကိုပြန်ဆပ်ဖို့အတွက်လည်း အကျပ်အတည်းဖြစ်နေကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာ၀တီ #စိုက်တောင်သူ #အခက်တွေ့နေ

Related posts

Leave a Comment

VOM News

FREE
VIEW