သထုံမြို့နယ်မှာ ငွေစက္ကူအတု ပြုလုပ်သူ(၄)ဦး ဖမ်းဆီးရမိ

ဇွန်၂၀၊၂၀၂၂
KK(VOM)

သထုံမြို့နယ်က အောက်ကျင်းရပ်ကွက်နဲ့ သုဓမ္မဝတီမြို့သစ်၊ (က)ရပ်ကွက်မှာ မနေ့ ဇွန်၁၉ရက် ညပိုင်းက ငွေစက္ကူအတုပြုလုပ်သူ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ငွေစက္ကူအတုတွေသုံးစွဲနေတယ်ဆိုတဲ့ သတင်းအရ ရဲတွေဟာ မနေ့ည ဆယ်နာရီခွဲက အောက်ကျင်းရပ်ကွက်က နေအိမ်တအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ရာကနေ ကွင်းဆက်တွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အောက်ကျင်းရပ်ကွက်က အိမ်မှာ ငါးထောင်တန်ငွေစက္ကူအတုသုံးရွက်မိတာလို့ ကွင်းဆက်အနေနဲ့ မြို့သစ် (က)ရပ်ကွက်မှာ ထပ်မိတာ၊ အဲ့ဒီမှာတော့ ငွေစက္ကူအတုတွေရော လုပ်တဲ့စက်တွေရော မိတာ”လို့ သူကပြောပါတယ်။

သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ ကန်ညီနောင်ပိုင်း၊ ကိုးအိမ်စုလမ်းက နေအိမ်တစ်အိမ်ကို မနေ့ည ဆယ်နာရီခွဲက ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ငါးထောင်တန် ငွေစက္ကူအတုသုံးရွက်ကိုတွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းရာ သုဓမ္မဝတီမြို့သစ် (က) ရပ်ကွက်ကနေ ရရှိခဲ့တယ်လို့ ထွက်ဆိုချက်အရ ဆက်လက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

သုဓမ္မဝတီမြို့သစ် (က)ရပ်ကွက်က သန်းဝေဆိုသူရဲ့ နေအိမ်ကနေ တစ်သောင်းတန် ငွေစက္ကူအတု ၁၇၁ ရွက်၊ ငါးထောင်တန်ငွေစက္ကူအတု ၁၂၆၅ ရွက်၊ တစ်ထောင်တန်ငွေစက္ကုအတု ၁၅ ရွက်နဲ့ ငွေစက္ကူအတုထုတ်တဲ့ ပရင်တာတွေနဲ့ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“အားလုံးငွေစက္ကူအတုကိစွမှာ ၄ဦးမိပါတယ်၊ ထပ်ပြီးကွင်းဆက်တွေရဖို့အတွက် ရဲဘက်က စစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။

လက်တလောမှာ ငွေစက္ကူအတုတွေနဲ့ဖမ်းဆီးရမိသူ သန်းဝေ အပါအဝင် ၄ဦးကို သထုံမြို့မရဲစခန်းက အရေးယူဆောင်ရွက်ဖို့နဲ့ကွင်းဆက်တွေထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ပြီးခဲ့တဲ့လပိုင်းတွေက မရမ်းကုန်း၊ ရွှေပြည်သာ၊ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ငွေစက္ကူအတုတွေဆက်တိုက်ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #သထုံ #ငွေစက္ကူအတုလုပ်သူတွေ #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW