စစ်ကိုင်းတိုင်းထဲမှာ ကျောင်းပညာရေး မသင်ကြားနိုင်တဲ့ ရွာပေါင်း ၅ထောင်နီးပါးရှိ

ဇွန် ၊ ၂၆ ၊ ၂၀၂၂
SP(VOM)

အခုနှစ် ပညာသင်နှစ်မှာ လတ်တလော ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းထဲက ကျေးရွာအများစုက ကျောင်းသားတွေဟာ ကျောင်းပညာရေးကို သင်ယူနိုင်ဖို့ အတွက်အခက်တွေ့နေရတယ်လို့ ဒေသခံ ကျောင်းသား မိဘတွေဆီက သိရပါတယ်။

” ရွာတွေမှာက ကျောင်းဖွင့်ဖို့ အခက်အခဲရှိတယ် ၊ တာဝန်ကျ ဆရာ ၊ ဆရာမတွေလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် မလာရဲကြဘူး ၊ ကလေးတွေ ပညာသင်ယူဖို့ လုံးဝကို အဆင်မပြေ ဖြစ်နေရတာ ” လို့ ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီးရွာခံ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။

” စစ်ကိုင်းတိုင်းထဲမှာ ၃၇ မြို့နယ် ၊ မြို့ပေါင်း ၅၀ ၊ ကျေးရွာအုပ်စုပေါင်း ၁၇၅၅ အုပ်စု ၊ ကျေးရွာပေါင်းက ၅၉၉၁ ရွာရှိတယ် ၊ ကျေးရွာပေါင်း ၅ ထောင်ကျော်ထဲမှာ ကျောင်းဖွင့်ထားနိုင်တဲ့ ရွာ အရေအတွက်က လက်ချိုး ရေလို့ရတယ် ၊ ရွာပေါင်း ၅ ထောင်နီးပါးလောက်က ကလေးတွေဟာ ဒီနှစ်မှာ ပညာရေးနဲ့ဝေးရတယ် ၊ သင်ကြားရေးအတွက် ဆရာ ၊ ဆရာမ အလုံအလောက်ရှိတယ် ၊ အသက်အန္တရာယ် လုံခြုံရေးအရ စာမသင်နိုင်ဘူး ” လို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ လူမှုရေး ဝန်ကြီးရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒီနှစ် ပညာသင်ကြားရေး ကာလမှာ ၁ မြို့နယ်လုံးနီးပါး ကျောင်းပြန်မဖွင့်နိုင်တဲ့ မြို့နယ်တွေကတော့ ဝက်လက် ၊ အရာတော် ၊ ရွှေဘို ၊ ခင်ဦး ၊ ရေဦး ၊ တန့်ဆည် ၊ ဒီပဲယင်း ၊ ဘုတလင် ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ပင်လည်ဘူး ၊ ကောလင်း ၊ ထီးချိုင့် ၊ ကလေး ၊ မင်းကင်း ၊ တမူး ၊ ကနီ ၊ ယင်းမာပင် ၊ ပုလဲ ၊ ဆားလင်းကြီး ၊ မုံရွာ ၊ ချောင်းဦး ၊ မြောင် ၊ မြင်းမူနဲ့ စစ်ကိုင်းတို့ ဖြစ်ပါတယ်။

ဇွန် ၂ ရက်ကစလို့ ပညာသင်ကြားရေး အစပြုခဲ့တာ ဖြစ်ပေမယ့် အခုထိတော့ အဲ့ဒီမြို့နယ်တွေက ကျေးလက် စာသင်ကျောင်းတွေဟာ ပြန်ဖွင့်နိုင်တာကို မတွေ့ရသေးဘူးလို့ နယ်ခံတွေရဲ့ အပြောအရ သိရပါတယ်။

” ၁၉၄၇ ၊ ၁၉၅၈ ၊ ၁၉၆၂ စတဲ့ နှစ်တွေတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူတွေဟာ ပညာရေးနဲ့ ဝေးခဲ့ရတယ် ၊ ကိုယ့်လက်မှတ်ကိုတောင် ကိုယ်မထိုးတတ်တဲ့ အဆင့်ထိ ဖြစ်ခဲ့ရတယ် ၊ နောက်တော့ စာမတတ်သူ ပပျောက်ရေး (အ) ၃ လုံး စီမံချက်ရေးဆွဲပြီး ၊ သေစာ ရှင်စာ ဖတ်တတ် ရေးတတ်ရုံမျှ ကုစားခဲ့ရတယ် ၊ အခုဆိုရင် ကျောင်းနဲ့ဝေးခဲ့ရတာ ကလေးတွေအတွက် ၃ နှစ်ရာသီထဲရောက်နေပြီ ၊ အတိတ်က ဖြစ်ရပ်တွေလို စာမတတ်သူတွေ များပြားလာမှာကို စိုးရိမ်မိတယ် ” လို့ နိုင်ငံရေး သုတေသီ ဦးစိုးတင့် (မောင်မောင်စိုး သလ္လာမြေ) က ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ကျေးရွာအများစုမှာ ပြီးခဲ့တဲ့နှစ် ဇွန်လ ကစလို့ ဒီနှစ် ဇွန်အထိ ၁ နှစ်တာ ကာလအတွင်း ၊ လူသတ်မှုတွေဖြစ်ပွားတာ ၊ ပစ်ခတ်မှုတွေဖြစ်တာ ၊ လူနေအိမ်တွေ ရွာလုံးကျွတ်နီးပါး မီးလောင်တာ စတဲ့ အထိတ်တလန့် ဖြစ်စဥ်တွေ ဖြစ်ပွားပြီး ဒီနှစ် ပညာသင်ကြားရေးကာလမှာ ကျောင်းတွေ ပြန်မဖွင့်နိုင်တာလို့ သိရပါတယ်။

#voiceofmyanmar #VOM #ပညာရေး #စစ်ကိုင်းတိုင်း #စာသင်ကျောင်းတွေမဖွင့်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW