တောင်ကိုရီးယားကပို့တဲ့ ပစ္စည်းတွေကြောင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ခဲ့တယ်လို့ မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ ဇူလိုင်-၁-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်အနီး ရောက်ရှိလာတဲ့ အမျိုးအမည်မသိအရာတွေကို နိုင်ငံသားတွေထိတွေ့ရာမှ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဇွန် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီအတွက်ကြောင့် တောင်ကိုရီးယားဘက်မှ နယ်စပ်ကိုဖြတ်ကျော်ရောက်ရှိလာတဲ့ ပစ္စည်းတွေကို သတိထားကြဖို့ နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။

တောင်ကိုရီးယားကတော့ အဲဒီနည်းလမ်းနဲ့ ကိုဗစ်-၁၉ ကူးစက်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။

တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူတွေဟာ မြောက်ကိုရီးယားဘက်ကို လက်ကမ်းစာစောင်တွေ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို မိုးပျံပူပေါင်းတွေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး နှစ်ပေါင်းများကတည်းက ပေးပို့ခဲ့ကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာရဲ့ အဆိုအရ တရားဝင်စုံစမ်းစစ်ဆေးမှုတခုမှာ တောင်ကိုရီးယားနယ်စပ်အနီး အမည်မသိပစ္စည်းတွေနဲ့ ထိတွေ့မိပြီးနောက် ကူးစက်မှုအစောပိုင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူနှစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

အိုင်ဖိုရီရှိ တောင်ကုန်းတစ်ခုပေါ်မှာ တောင်ကိုရီးယားဘက်မှ ပို့လွှတ်လိုက်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ပြီးနောက် ဧပြီအစောပိုင်းမှာ အသက် ၁၈ နှစ်အရွယ် စစ်သားတစ်ဦးနဲ့ အသက်ငါးနှစ်အရွယ် ကလေးတဦးတို့ ကိုဗစ်-၁၉ စတင်ကူးစက်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။

Ref: BBC
Photo:KCNA
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW