လွယ်ဂျယ် – ဗန်းမော် လမ်းမှာ တံတားပြင်နေလို့ သွားလာခွင့် ခေတ္တပိတ်ထား

ဇူလိုင် ၃၊ ၂၀၂၂
Shy V(VOM)

တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရာ လမ်းကြောင်းတခု ဖြစ်တဲ့ ကချင်ပြည်နယ် လွယ်ဂျယ် – ဗန်းမော် တံတားပြင်နေလို့ မနေ့ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းလောက်ကတည်းက သွားလာခွင့် ခေတ္တပိတ်ထား လိုက်ပြီဖြစ်​တယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

“ဟုတ်တယ်။ ဟိုတနေ့ညက ကျနော်တို့ ယာဉ်မောင်း ပရဟိတ ကလေးတွေသွားပြီးတော့ အဲဒီ ပိုက်တွေ အကုန်လုံး ဝိုင်းဝန်း ပို့ပေးတာ။ လူလည်း ကယ့် လို့ မရသေးဘူး လောလောဆယ်တော့။ တပတ်နဲ့ အပြီး လုပ်မယ် ပြောနေတာပဲ။ နေ့ရော ညရော လုပ်နေတယ်။ မနေ့က စပိတ်တာဗျ။ ညနေပိုင်း။ အားလုံး မှန်းတာက တပတ် ကြာမယ်ပေါ့။” လို့ ယာဉ်မောင်းများ ပရဟိတအသင်းမှ တာဝန် ရှိသူတဦးက ပြောပါတယ်။

လွယ်ဂျယ် – မိုးမောက် – ဗန်မော် ကားလမ်း မိုင်တိုင်အမှတ် ၂၈ နဲ့ ၂၉ မှာ ပြိုကျ ပျက်စီးသွားတဲ့ တံတားနေရာကို စက်ယန္တယား‌တွေသုံးပြီး ပြင်ဆင်နေပြီဖြစ်တယ်လို့ သက်ဆိုင်ရာဌာနက လူမှုကွန်ယက်ကနေတဆင့် အသိပေးထား‌တာကို တွေ့ရပါတယ်။

“လုပ်နေပါပြီ။ မနေ့တည်းက အသွားအလာ ပိတ်လိုက်တယ်။ ဗန်းမော် အတက်ဆို စိန်လုံမှာတည်းက တားလိုက်ပြီ။ လွယ်ဂျယ် အတက်ဆို ဗျင်ဝိုင် မှာတည်းက ပိတ်လိုက်ပြီ။ နဂိုနေရာကို ရှင်းပြီး ပိုက်ပြန်ထည့်နေတာ။ အရင်က ပိုက်မရှိဘူး။” လို့ ကုန်တင်ယာဉ်မောင်း တဦးကလည်း ရှင်းပြပါတယ်။

အခုလို တံတားပြင်ဆင်မှု မလုပ်ခင်ကတော့ လွယ်ဂျယ်ဘက်၊ ဗန်းမော်ဘက်ကလာတဲ့ ကုန်နဲ့ ခရီးသည်ရော ခက်ခက်ခဲခဲ ကယ့်ယူပြီး ခရီးဆက်ခဲ့ကြရတယ်လို့ ပြောပါတယ်။

“လမ်းကို မြေကြီးတွေ ဖို့ထား‌တော့ ကားတွေ လမ်းတွေချော်၊ လဲတဲ့သူကလဲ၊ ရုန်းရလွန်းလို့ ကားတွေနာ၊ လူတွေလည်း ကျွဲ သာသာပဲ။” လို့ ယာဥ်မောင်းတဦးက လမ်းခရီး အခက်အခဲကို ပြောပါတယ်။

လမ်းပျက်စီးနေတာကြောင့် ခရီးသည် တဦးကို ကားခ ၂၅၀၀၀ ကျပ် ကနေ ၅၀၀၀၀ ကျပ် အထိ နှစ်ဆ တက်သွားပြီး အရင်က ၃ နာရီနဲ့ရောက်တဲ့ခရီးလမ်းကို အခုတော့ ၁ ရက်တာ ခရီးသွားခဲ့ရ​တယ်လို့ ခရီးသွားတဦးက ပြောပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရာလမ်းကြောင်းတခုဖြစ်တဲ့ အဲဒီလမ်းဟာ မိုးရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစလို့ မိုင်တိုင်အမှတ် ၄၄ အနီးမှာမြေကြီးနိမ့်ကျပျက်စီးသွားသလို မိုင်တိုင်အမှတ် ၂၈ နဲ့ ၂၉ ကြားက ပေ ၃၀ အရှည်ရှိ တောင်ကျချောင်း တံတား အမှတ် ၁/၄၇ ဘေလီသံဘောင်၊ သစ်သားကြမ်းခင်းတံတား ကမ်းကပ်ခုံနေရာ ချောင်းရေတိုက်စားပြီး ပျက်စီးသွားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ လမ်းကနေ တရုတ်နိုင်ငံဘက်ကို ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူးငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ တွေ တင်ပို့ပြီး မြေဆီ၊ ဘိလပ်မြေ၊ ချည်ထည်၊ လယ်ယာသုံး ပစ္စည်း၊ မော်တော် ဆိုင်ကယ်တွေ တင်သွင်း နေတာလည်း ဖြစ်ပါတယ်။

Photo-WLLJ
#voiceofmyanmar #VOM #လွယ်ဂျယ်ဗန်းမော် လမ်း #တံတားပြင်နေလို့ #သွားလာခွင့်ခေတ္တပိတ်ထား

Related posts

Leave a Comment

VOM News

FREE
VIEW