ပုသိမ်မှာ Mytelတာဝါတိုင်ပေါက်ကွဲမှုနဲ့ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၃ ဦး ထောင် ၁၀ နှစ်စီချမှတ်ခံရ

ဇူလိုင် ၄-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ပုသိမ်အကျဉ်းထောင်ထဲမှာ Mytel တာဝါတိုင်မိုင်းကွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး သံသယနဲ့
ဖမ်းဆီးခံရတဲ့ အမျိုးသား ၃ ဦးကို ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီအမိန့်ချမှတ်လိုက်တယ်လို့ ထောင်ဒဏ်ချမှတ်ခံရသူတွေရဲ့မိသားစုဝင်တွေဆီကနေ သိရပါတယ်။

အဲ့ဒီထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံရတဲ့အမျိုးသား
၃ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊စက်တင်ဘာ၂၈ ရက်ညပိုင်းက ပုသိမ်မြို့နယ်၊စိန်တောင်ကျေးရွာက
Mytel တာဝါတိုင်မိုင်းခွဲခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံ ထားရသူတွေဖြစ်တယ်လို့ သိရပြီး သူတို့တွေကို ဇူလိုင် ၁ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)နဲ့ ထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”တယောက်ကို ထောင်ဒဏ် ၁၀ နှစ်အထိ အမိန့်ချလိုက်တာ ဘာပြစ်မှုမှလည်းလမကျူးလွန်ဘဲချလိုက်တာပါ။ အခုထောင်ဒဏ်ချခံရသူတွေက Mytel တာဝါတိုင် မိုင်းခွဲခံရတဲ့ကိစ္စမှာ ပါတဲ့သူတွေလည်းမဟုတ်ပါဘူး။ Mytel တာဝါတိုင်ကို ဘယ်သူလုပ်တယ်ဆိုတာ ဟိုဘက်က ကြေညာထားပြီးသားပါ။စိတ်ထဲအတော့်ကိုမကောင်းဘူး မတရားဘူး။”လို့ မိသားစုဝင်တဦးကပြောပါတယ်။

အဲ့ဒီထောင်ဒဏ်ချမှတ်ခံရတဲ့အမျိုးသား ၃ ယောက်ဟာ
ဦးမြင့်အောင်၊ကိုဇာနည်အောင်နဲ့ကိုရဲဟိန်းတို့ဖြစ်ပြီး
ရွာမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်တဲ့သူတွေလို့သိရပြီး
နိုင်ငံရေးဖြစ်စဉ်တွေမှာလည်းမပါဝင်ခဲ့ဘူးလို့လည်း မိသားစုဝင်တွေ ပြောပြချက်အရ သိရပါတယ်။

”ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေက စက်တင်ဘာလက Mytel တာဝါတိုင် မိုင်းခွဲခံရပြီး သံသယနဲ့အဖမ်းခံရသူ တွေဆိုတာဟုတ်တယ်။ဇာနည်အောင်ပါ ၃ ယောက်ပါ။
တယောက်ကိုထောင်ဒဏ် ၁၀ နှစ်စီအမိန့် ချမှတ်လိုက်တာ။”လို့ တရားရေးအသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးကပြောပါတယ်။

နစက တက်လာပြီးနောက်ပိုင်း ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ကျော်နဲ့ နိုင်ငံရေးအကျဉ်းသူ ၅၀ နီးပါးရှိတယ်လို့သိရပြီး ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်ချမှတ်ခံရသူ ၁၀၀ ကျော်ရှိတယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ်

Related posts

Leave a Comment

VOM News

FREE
VIEW