စစ်ကိုင်းတိုင်းမှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့ ပညာရေးဝန်ထမ်း ၃၀ နီးပါးရှိနေ

ဇူလိုင် ၊ ၅ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းထဲမှာ ၃၇ မြို့နယ်ရှိတဲ့အနက် ၊မြို့နယ်ပေါင်း ၂၀ ကျော်က ပညာရေးဝန်ထမ်း ၃၀ နီးပါးဟာ ၄ ရက်ကြာ ဖုန်းဆက်သွယ်မှု မရတော့ဘဲ ပျောက်ဆုံးနေတာကြောင့် သူတို့ မိသားစုဝင်တွေက စိုးရိမ်နေရတယ်လို့ စစ်ကိုင်းတိုင်းပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က ကသာခရိုင် ဗန်းမောက်မြို့နယ် ၊ စီးမော်ကျေးရွာကနေ သောင်ကြီးအခြေခံပညာ မူလတန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ ဝေမင်းနိုင် ဆိုသူလည်း ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ အဲ့ဒီ ဒေသခံတွေက ဆက်သွယ်လာတယ် .” လို့ ပညာရေးမှူးရုံး ဝန်ထမ်းတယောက်က ပြောပါတယ်။

ဒါ့အပြင် မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ် ၊ သရောင်းကျေးရွာနေ ၊ အလယ်တန်းပြ ကျောင်းဆရာ ဦးနေစိုး ဆိုသူဟာ ဒီလ ၁ ရက်နေ့က ဖောင်းပြင်မြို့နယ်ပညာရေးမှူးရုံးကနေ သူတာဝန်ကျရာ ထောမကျေးရွာ အလယ်တန်းကျောင်းကို သွားတဲ့လမ်းမှာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအပြင် ကောလင်းခရိုင် ၊ ကောလင်းမြို့နယ် ၊ သရက်ခုံကျေးရွာနေ မူလတန်းပြ ကျောင်းဆရာ ဦးဇော်ဝင်းသိန်း ဆိုသူလည်း သူတာဝန်ကျရာ မောင်းကော်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းကိုသွားတဲ့လမ်းမှာပဲ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

အဲ့ဒီ ပျောက်ဆုံးနေတဲ့ ကျောင်းဆရာ ဦးဇော်ဝင်းသိန်းရဲ့ ညီမဖြစ်သူ သရက်ခုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ဒေါ်ဥမ္မာဝင်း ဆိုသူလည်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

” အဲ့ဒီလို ပျောက်ဆုံးနေတဲ့ ဆရာ ၊ ဆရာမတွေက အကောင်းတိုင်း ပြန်ရောက်လာတာရှိသလို ၊ ဖောင်းပြင်က ဆရာ နေစိုး ၊ ကောလင်းက ဆရာ ဦးဇော်ဝင်းသိန်း သူ့ရဲ့ညီမ ဆရာမ ဒေါ်ဥမ္မာဝင်း တို့ကတော့ အလောင်းပဲပြန်ရတာ “လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

ဒါ့အပြင် ကလေးမြို့နယ် တောင်းပိုင်းက ကျောင်းဆရာ၊ဆရာမ တချို့ ပျောက်ဆုံးနေတာရှိသလို ဒီပဲယင်း ၊ ရေဦး ၊ ဝက်လက် ၊ တန့်ဆည် ၊ မြောင် ၊ မြင်းမူ ၊ ယင်းမာပင် ၊ ကနီ ၊ မင်းကင်း ၊ ပုလဲ စတဲ့ နယ်ဘက်တွေမှာလည်း အခုထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့ ဆရာ ၊ ဆရာမ တချို့လည်းရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲက ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ကျောင်းဆရာမ ညီအစ်မ ၂ ယောက် နဲ့ မုံရွာမြို့နယ် ၊ စည်သာရွာက ကျောင်းအုပ်ဆရာမကြီးအသတ်ခံရတာ အပါအဝင် ဒီကနေ့အထိ အသတ်ခံရလို့ သေဆုံးရတဲ့ ကျောင်းဆရာ ၊ ဆရာမ အရေအတွက် စစ်ကိုင်းတိုင်းမှာ ၂ ဒါဇင်နီးပါးရှိတယ်လို့ ပညာရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW