ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ကြောင်းတွေ ဝင်လာလို့ ဒေသခံတွေ ထွက်ပြေးနေရ

ဇူလိုင် ၊ ၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ်ရဲ့အနောက်ဘက်ခြမ်း ကျေးရွာတွေဆီကို မနေ့ ဇူလိုင် ၅ ရက် ၊ အစောပိုင်းကစလို့ စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာဆီကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒီပဲယင်းမြို့ခံတွေဆီက သိရပါတယ်။

” စစ်ကြောင်းတွေက ရဟတ်ယာဥ်တွေနဲ့ ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်မှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့တာပါ ၊ အခုတော့ ဒီပဲယင်းမြို့ပေါ်မှာ ခိုလှုံနေပါတယ် “လို့ ကျွန်းတောရွာခံတယောက်က ပြောပါတယ်။

မနေ့ ညနေပိုင်းကနေ ညပိုင်းအထိ ဆပ်ပြာကျင် ၊ ကျီ ၊ ဘုရားထွက် ၊ ဘုတ် ၊ အင်ပင်ကြီး ၊ ကျွန်းတောစတဲ့ ရွာတွေဘက်က ဒေသခံတွေဟာ ဒီပဲယင်းမြို့ပေါ်ကို ခိုလှုံဖို့ ရောက်လာတယ်လို့ သိရပါတယ်။

အဲ့ဒီလို စစ်ကြောင်းအဖွဲ့ ဝင်ရောက်တာနဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတဦးက ” မနေ့က ဒီပဲယင်း အနောက်ဘက်ခြမ်းမှာ အကြမ်းဖက်သမားတွေက ကျွန်းတောရွာက ကျွန်းတောဦး ဘုန်းကြီးကျောင်း ဆရာတော် အသျှင်ဇာနေယျကို ကျောင်းထဲမှာတင် ဇက်ဖြတ်သတ်တယ် ၊ အဲ့ဒိအပြင် ကျွန်းတောရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ ၊ ဆရာမ ၂ ယောက်ကို လက်နောက်ပြန်ကြိုးတုပ်ပြီး ကျွန်းတောရွာနဲ့ အင်ပင်ကြီးရွာ ၊ ရွာချင်းဆက်လမ်းပေါ်က တံတားနားမှာ ဇက်ဖြတ်သတ်ပြန်တယ် ၊ အဲ့ဒါကြောင့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က အိမ်ထောင်မိသားစု တချို့ကို ရဟတ်ယာဥ်နဲ့ သွားရောက်ကယ်ထုတ်ခဲ့ရတာ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ဒီပဲယင်းမြို့နယ် မူးကမ်းကြီး ၊ ညောင်းလှ ၊ တည်တော စတဲ့ရွာဘက်တွေမှာ ဒေသခံ PDF အဖွဲ့တွေနဲ့ စစိတပ်တို့ ပစ်ခတ်မှုတွေဖြစ်ပွားပြီး လူနေအိမ် ၂ ရာကျော် မီးလောင်ပျက်စီးခဲ့ရတာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဒီပဲယင်း #ဒေသခံတွေထွက်ပြေးနေရ

Related posts

Leave a Comment

VOM News

FREE
VIEW