မလေးရှားသွားမယ့် မြန်မာ ၄၁ ဦး ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရ

ဆောင်ခလာ၊ ဇူလိုင်-၆-၂၀၂၂
မျိုးဆက်(VOM)

မလေးရှားမှာ အလုပ်လုပ်ဖို့သွားမယ့် တရားမ၀င်မြန်မာလုပ်သား ၄၁ ဦးကို ထိုင်းတောင်ပိုင်း ဟတ်ယိုင်ခရိုင်မှာ သူတို့စီးလာတဲ့ကားပေါ်ကနေ ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်းအရ ဟတ်ယိုင်ခရိုင်တာ၀န်ရှိသူတွေ၊ လူ၀င်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့၀င်တွေဟာ မြန်မာလုပ်သားတွေ ပုန်းအောင်းနေတဲ့ တောစပ်မှာ သွားရောက်စစ်ဆေးရှာဖွေရာမှာ အခုလိုဖမ်းမိခဲ့တာဖြစ်ပါတယ်။

တာ၀န်ရှိသူတွေဟာ အဲဒီတညလုံး ပုန်းအောင်းစောင့်ဆိုင်းနေကြပြီး နောက်တစ်နေ့ ဇူလိုင် ၅ ရက် နေ့လယ် ၂ နာရီမှာတော့ ပစ်ကပ်ကားနှစ်စီးရောက်ရှိလာခဲ့ရာမှာ ပုန်းအောင်းနေတဲ့မြန်မာလုပ်သားတွေဟာ ကားပေါ်တက်ဖို့ ပုန်းအောင်းနေရာကနေ ထွက်လာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခဲ့တဲ့ မြန်မာလုပ်သား ၄၁ ဦးထဲမှာ အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီးလေးဦး ပါ၀င်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ကားမောင်းတဲ့ ထိုင်းနိုင်ငံသားနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မြန်မာလုပ်သားတွေဟာ မလေးရှားနယ်စပ်ကို ရောက်ဖို့အတွက် ကားမောင်းသူကို တယောက် ဘတ် ၇၀၀၀ စီပေးခဲ့ရတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာလုပ်သားတွေကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားပြီး တရားမ၀င်အလုပ်သမားမှောင်လိုကွန်ရက်ကို ခြေရာခံနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

Ref: Bangkok Post
Photo: Bangkok Post
#voiceofmyanmar #VOM #ဆောင်ခလာ

Related posts

Leave a Comment

VOM News

FREE
VIEW