အရုဏ်တော်နှင့် မန္တလေး

ဆူးငှက်

ဝါဆိုကာလရောက်လျှင် မန္တလေးက အလှူခံတီးဝိုင်းအဖွဲ့တွေအကြောင်း လွမ်းဆွတ်သည်။
ဝါတွင်းဆွမ်းကြီးကပ် ဝတ်တက် အရုဏ်တော်အသင်းကြီးတွေကို လွမ်းဆွတ်သည်။
တောသလင်းလပြည့်နေ့မှာ ဝင်းခင်းပြီး ဆွမ်းကပ်သော ရတနာပုံ ဗုဒ္ဓဘောဇနိယ အရုဏ်တော်အုပ်အသင်းကြီးအကြောင်း ပြောမဆုံးဖြစ်နေတတ်သည်။

ရတနာပုံ ဗုဒ္ဓဘောဇနိယ အရုဏ်တော် အသင်းကြီးကို “အုပ်သင်း”ဟုခေါ် ကြသည်။အသင်းတည်ရာက ဈေးချိုအနီးမှာ။ ဤအသင်းကြီး၏ ထူးခြားမှုမှာ ဆွမ်းအုပ်များကို ဆိုင်းထမ်းဖြင့် ရှေ့နောက်တန်းသော ပိတ်ဖြူဝတ် အရုဏ်တော်အသင်းသားများသည် လူငယ်လေးတွေချည်းဖြစ်ပြီး ကြေးရတတ်သားလေးတွေချည်းဖြစ်ကြသည်။ သူတို့ထမ်းသော ဆိုင်းထမ်း ထမ်းပိုးက ဟင်္သပြဒါးသုတ် ရွှေရေးချကနုတ်ပန်းညွန့်လေးနှင့်ဖြစ်၏။ ဆွမ်းအုပ်ကလည်း ရွှေအုပ်၊ငွေအုပ်၊မြေအုပ်များဖြစ်သည်။ ဆွမ်းအုပ်ဆိုင်းကြိုးများမှာ ဇွန်၊ စံပယ်ပန်းတို့ဖြင့် အလှဆင်ထားသေးသည်။ အဲလို ဆွမ်းအုပ်များက ရာချီရှိ၏။ တသီတတန်းကြီး။ အုပ်သင်းမှာ ပါဝင်သော တူရိယာတွင် ဗုံတောင် ပလုတ်တုတ်ဝိုင်းအပြင် ရှမ်းအိုးစည်ဝိုင်းလည်း တခမ်းတနားပါတတ်သည်။ ဈေးချိုအနီး လက်ဖက်ခြောက်ပွဲရုံပွဲစားကြီးများလည်း အုပ်သင်းမှာ ပါဝင်ကြတော့ ရှမ်းအိုးစည်ဝိုင်းလည်း ပါဝင်ရမှာပေါ့။

မန္တလေးတွင် အလားတူအရုဏ်တော် အသင်းကြီးများအနက် သက်တော်ရှည်အရုဏ်တော်အသင်းကြီး တစ်သင်းမှာ သူရဲတပ် အရုဏ်တော်အသင်းဖြစ်သည်။ သူရဲတပ်အရုဏ်တော်က မူလအစ ရတနာပုံခေတ် မင်းတုန်းမင်း လက်ထက်ကတည်းက ရှိခဲ့သည်ဟုဆို၏။ ၁၂၈၂ ခုနှစ်တွင် ထပ်မံ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ သူရဲတပ် အရုဏ်တော်ဝတ်အသင်းကြီးလည်း အခက်အခဲကြားမှ နှစ်စဉ်ဝတ်မပျက်အရုဏ်တော် လှည့်နေပါသေးသည်။ ယခုအခါ မန္တလေးတွင် နာမည်ကြီး အရုဏ်တော်အသင်းကြီးများ အတော်များများ ပျောက်ကွယ်သွားပါပြီ။ ယခင်က ရွှေလှံအရုဏ်တော်၊ ပေါက်ပေါက်တန်း အရုဏ်တော်များ ရှိခဲ့ဖူးပါသည်။ မိတ္တအရုဏ်တော်ကြီးလည်း အခုချိန်ထိတော့ ဆင်နွှဲနေဆဲဖြစ်၏။

မိတ်ဆွေနှင့် ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း အရုဏ်တော်အသင်းတွေအကြောင်းပြောကြတော့ မင်းနေပြည်ဖြစ်ခဲ့ဖူးသော မန္တလေးမှာ လက်ထက်တော်အခါများဆီက မင်းခမ်းမင်းနားများ၏ ကြီးကျယ်ခမ်းနားပြီး မျိုးရိုးဇာတိဂုဏ်မြင့်မားခဲ့ကြမှုကို ပါတော်မူပြီးနောက် လွမ်းဆွတ် တသမှုများ ပိုကဲလာခြင်းကိုလည်း တစ်ဆက်တစ်စပ် ပြောမိကြ၏။ ကိုယ့်မင်းကိုယ့်ချင်းအချိန်က ဘာသာ သာသနာအပေါ်မှာ မြှောက်စားအားပေးခဲ့ပြီးနောက် တိုင်းတစ်ပါးသား လက်အောက်တွင် ဘာသာ သာသနာအား မညှိုးမှိန်ရအောင် ကိုယ့်အမျိုးသား အချင်းချင်း အားပေးချီးမြှင့်ကြရာတွင် ရှေးယခင်က ရှေးမြန်မာမင်းများကဲ့သို့ တုပချီးမြှောက်ရာမှ အရုဏ်တော်အသင်းကြီးများတွင် ရှေ့ဝင်း၊နောက်ဝင်းများ မင်းခမ်းမင်းနားများ ပါဝင်လာကြသည်။သာသနာ့အောင်လံတံခွန် ကုက္ကားမုလေးပွားများနှင့် ရွှေထီး၊ ထီးဖြူ၊ ရွှေမောင်းငွေမောင်း၊ရွှေယပ်၊ရွှေယပ်မား၊ရွှေကွမ်းတောင်၊ရွှေဆွမ်းအုပ်များဖြင့် လှည့်လည်ကြသည်။ ထီးဖြူယပ်မား မင်းခမ်းတော်များ ထုံးစံအတိုင်း ခင်းကျင်းသည်နှင့်ပတ်သက်၍ ကန္နီမြို့စစ်ကဲမင်းရာဇာက
အခုလိုဖွဲ့ဆိုထား၏။

“ဘုန်းတော်ရောင်ခြည်၊ဖန့်ဝင်းလည်လျက်၊ အပြည်ပြည်မင်း၊ ခွန်သွင်းညွတ်ခ ရှိပန်သသည်၊ အမရအောင်ခန်း၊ တည်ဦးနန်းကို၊ စံမြန်းဖက်မဲ့၊ သင်္ချာဖွဲ့မှု၊ သုံးဆယ့်အလွန်၊ လေးနှစ်မွန်တွင်၊ မိုးစွန်စွင့်စွင့်၊ ဘုံသစ်တင့်၍၊ လှစ်ဖွင့်ဥကင်၊ မင်းပွဲယင်သော်၊ ပလ္လင် ရတနာ၊မြတ်သီဟာမှ၊ ဝဲယာသင့်မှန်၊ ကျင်းစဟန်ကား၊ နဗဒဏ္ဍ၊ ထီးမြောက်နား၊ရွှေယပ်မားနှင့်တစ်ပါးတင့်မော၊ မနောဟရ၊ သည်မှမြောက်ပါး၊ ယပ်မားချပ်ကာ၊ အာပတ္တရ၊ ထီးမှမြောက်မှ၊ဝိဇယာပတ္တရ၊ဖူလွရွက်ပြိုင်၊လေးဆိုင်ဖားဖား၊နှစ်ယပ်မားနှင့်၊ များပြားလက်ယာ၊ နည်းတူလာတွင်၊ရှေးစာတမ်းထွက်၊ လက်ဝဲဖက်ကာ၊ ကနက္ကဒဏ်၊ရောင်ဝှန်တောက်ပ၊သူရိယနှင့်၊ ပဒုမသမုတိ၊ မည်ရှိညာက၊ ကမ္ဗုစသား၊ စန္ဒကုမုဒြာ၊ သည်သာဝိသကြုံ၊ မျက်စုံခြယ်နှိပ်၊ ဖူဝန်းရိပ်နှိုက်၊ခူးစိတ်မျက်မြွှာ၊ လက်တင်ကြာနှင့်၊ကေသရာခံ၊ မင်းစံကွမ်းခွက်၊ ဆက်သာလည်းကောင်း၊ ကွမ်းလောင်းတော်ဝယ်၊ရောင်နွှယ်သလပ်၊ လျှပ်လျှပ်ပြောင်ပြောင်၊ သလင်းမြောင်သစ်တိုင်း၊ ဆိုင်းဆိုင်းကျပ်လျား၊ရှေးကားဝင်းဝင်း၊ခြေနင်းဖိနပ်၊ သားမြီးယပ်နှင့်၊ စပ်ကာသံလျက်၊ စီးမြက်တောင်ဝေး၊စွေးစွေးဝင်းလျှံ၊ခြင်္သေ့ခံကား၊ရွှေကားအိုးပျစ်၊ ဦးသစ်စံမြောက်၊ မြေးထောက်ကျီးခြေ၊ရွှေမြူတာနှစ်၊ရွှေပန်းသစ်နှင့်၊ရောင်လှစ်ဖြာဖြားမတ်လက်ယာမူ၊ရတနာပန်းတောင်း၊မတ်ကောင်းစီယှက်၊ ကွမ်းခွက်ရှစ်ထောင့်၊ ရည်ဖြောင့်မျက်ပြွံ၊ နဂါးခံကွမ်းခွက်၊ ဆက်ကာစွင့်စွင့်၊ စလင့်ကြာနှစ်၊ သစ်သစ်ရောင်မောင်း၊ ကွမ်းလောင်းကြီးက၊ ညီးညီးလျှပ်လျှပ်၊ ကွမ်းချပ်ကွမ်းတောင်း၊ တင့်ကြောင့်စီလျည်၊ရှေ့တစည်မူ၊ကောင်းယဉ်အလုပ်၊နန်းဆွဲအုပ်နှင့်၊ရွှေရုပ်တင့်ဆန်း၊ မြကာရ်းကရား၊ရွှေသားအိုးဖြစ်၊ မျက်နှစ်ရေတင်၊ရွှေစင်ပျတို့၊ ဆယ်ဖို့ရည်ပြောင်း၊ တကောင်းဖလား၊ရွှေသားပန်းပါ၊မြူတာရောင်ဝှန်၊လုံးမွန်စွ၊တံခွန်ရွှေသား၊ ခုနစ်ပါးလည်း၊ လွှားလွှားစိုက်ထူ၊မတ်တူရှူဝယ်၊ မပြူရန်ငွေ့၊ လွင့်ဓလေ့တည့်၊ ရှေ့ပလ္လင်ရင်း၊ ဝဲယာကျင်းသည်၊နှစ်စင်းစီသာ၊ သိင်္ဂါရောင်ပြား၊ ပတ္တမြားစီတပ်၊လေးစင်းယပ်နှင့်၊လျှပ်လျှပ်ရွှေဘုံ၊ မင်းခမ်းစုံလျက်၊ရောင်င်ဟုန်ညီးညီး၊ အံ့မပြီးသည်၊ နန်းကြီးသဘင် တင့်ကဲတည်း”ဟူ၍ ဖြစ်​၏။

သူရဲတပ် အရုဏ်တော်ကြီး တည်ရှိရာအနီးတွင် ထားဝယ် ရပ်ကွက်လည်း ရှိသည်။ ထားဝယ်ရပ်မှာလည်း ဘုရင်၏ စစ်သည်တော်များ နေထိုင်ခဲ့ရာအရပ်များဖြစ်သည်။ မင်းတုန်းမင်းလက်ထက်က စစ်တန်းလျားများသာရှိပြီး အရပ်သားအိမ်များ မရှိသေးဟု ဆို၏။ စစ်တန်းလျား ၆ လိုင်းရှိခဲ့သည်။နောက် အရပ်သားများ နေရာချထားသောအခါ လက်မှုပညာ၊ ပန်းထိမ်အတတ်၊ ပန်းပဲအတတ် ပညာသည်များ ပါဝင်လာကြသည်။ မန္တလေးဆေးရုံကြီးတောင်ဘက်တွင်လည်း အလားတူ စစ်တန်းလျားများ ရှိသေးသည်။ သူတို့ကို တောင်ထားဝယ်စုခေါ်ခဲ့၏။ ထားဝယ်အမှုထမ်းများသည် ကိုယ်ရံတော် အမှုထမ်းများဖြစ်သည်။

ဘိုးတော်ဘုရားလက်ထက်တော်အခါက တောင်ထားဝယ်ဆောင်တွင် အိပ်ဖန်တက်နေ ထမ်းရွက်သူများကို တောင်ထားဝယ် အမှုထမ်းဖွဲ့ခဲ့သည်။တောင်ထားဝယ် အမှုထမ်းများကို လက်ယာလက်ဖမိုး၌ခြင်္သေ့ရုပ်ထိုးစေ၏။တောင်ထားဝယ်အမှုထမ်း ၆၇၅ယာက်ကို တစ်လလျှင် လစာတော် ၇၇၃ဝ ကျပ် သနားတော်မူသည် ဆို၏။ မြောက်ထားဝယ်အမှုထမ်း ၆၈၅ ယာက်ကိုလည်း လစာငွေ ၇၈၄ဝ ကျပ် သနားတော်မူခဲ့သည်။

ထားဝယ်အမှုထမ်းများသည် မြန်မာပြည်အောက်ပိုင်း တနင်္သာရီ၊ရေး၊ မြိတ်၊ထားဝယ် ဘက်က စစ်သည်အမှုထမ်းများဖြစ်သည်။ ဟံသာဝတီဆင်ဖြူရှင်လက်ထက်က ထားဝယ်မြို့ပါ သူရဲကောင်းသားမျိုးတို့ အဆက်အနွှယ်များဟု ဆိုသည်။မြောက်ပြင်ထားဝယ်ရပ်တွင် ထားဝယ်ဓမ္မာရုံကြီး ရှိခဲ့သည်။ ရတနာပုံခေတ်ကတည်းက သစ်သားရှေးဟောင်းဓမ္မာရုံကြီးဖြစ်သည်။ ၁၉၉၃ ခု ကျုံးပတ်လမ်း တိုးချဲ့ဖောက်လုပ်သောအခါ မူလ ဓမ္မာရုံကြီးအစား ဓမ္မနိဗ္ဗန္ဓ ထားဝယ်ဓမ္မာရုံအသစ်ကြီး ပေါ်ထွက်လာခဲ့သည်။

ထားဝယ်ရပ်အနီးတွင် သပိတ်တန်းရပ်ကွက်လည်း ရှိပါ၏။ သပိတ်တန်း ဓမ္မာရုံလည်း တည်ရှိသည်။ သပိတ်တန်းရပ်ကွက်မှာ ရှေးက သပိတ်လုပ်ကိုင်သူများ နေထိုင်ခဲ့သည်။ရှေးက သပိတ်လုပ်ခဲ့သော သံတိုသံစများကို ယခုထိ တွေ့နိုင်ပါသေးသည်။ စည်သာလမ်းအနားက ဖိုပေါက်ဝင်းကတော့ ပန်းပဲဝန်၏ အဆက်အနွှယ်များ နေထိုင်ခဲ့ကြသည်။ ယခုထိ စည်သာလမ်း တစ်ဖက်တစ်ချက်တွင် ပန်းပဲဖိုများ၊ ပန်းပဲဖိုထွက် သံထည်ပစ္စည်းများ အမြောက်အမြားရောင်းချနေကြသည်။ ဖားဖိုများ၊ သံဒယ်အိုးများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများ၊ ပန်းထိမ်ဖိုသုံးပစ္စည်းများလည်း ထုတ်လုပ်လျက်ရှိပါသည်။

တကယ်တော့ မြောက်ပြင်သည် ရတနာပုံခေတ်၏ အငွေ့အသက် အများဆုံးကျန်နေဆဲ ရပ်ကွက်ကြီးဖြစ်ပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW