အမ်းမှာ ၈ တန်းကျောင်းသားတဦး မျှစ်ချိုးသွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး သေဆုံး

ဇူလိုင် ၁၀- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကစုကိုင်းကျေးရွာမှာ ၈ တန်းကျောင်းသားတဦး မျှစ်ချိုးသွားစဉ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာတွေရရှိပြီး သေဆုံးသွား​တယ်လို့ မိသားစုဝင်တွေကနေ သိရပါတယ်။

မနေ့ ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်က မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေပိုင်းအထိ အလောင်းကိုရှာမရခဲ့ဘဲ ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်ကမှ မိုင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့​တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားချိန်မှာ ၈ တန်းကျောင်းသားလေးဟာ အသက် (၁၄) နှစ်နဲ့ ၃ လရှိပြီဖြစ်တယ်လို့ သိရပါတယ်။

သူသေဆုံးတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဖိုးဖြစ်သူ ကစုကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက “သူက အဖေဖြစ်သူဆီက မုန်းဖိုးပိုက်ဆံ ၁၀၀ တောင်းပါတယ်။ အဖေဖြစ်သူက ပိုက်ဆံမရှိလို့မပေးနိုင်ဆိုပြီး အကျိုးအကြောင်းပြောပြီး မပေးလိုက်တဲ့အခါ မုန့်လည်းမစားရဘူး။ နောက်ပြီး စိတ်ညစ်စရာပေါ်လာတာက ဝါဆိုသင်္ကန်းကပ်ဖို့ဆိုပြီး ကျောင်းသားတယောက်ကို ငွေတစ်ထောင်စီကောက်ခံပါတယ်။ မိဘတွေကလည်း ဆင်းရဲတော့ မတတ်နိုင်ဘူး။ ဒါကြောင့် ပိုက်ဆံရအောင် ဟင်းရှာသွားမယ်ဆိုပြီး တောထဲကိုဝင်တဲ့အခါ မိုင်းနင်းမိတာပါ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ၈ တန်းကျောင်းသား မောင်စည်သူကျော်လင်းဟာ ဆင်းရဲပေမယ့် လိမ္မာတဲ့သားတစ်ဦးဖြစ်ပြီး မိဘတွေ ငွေရေးကြေးရေးအဆင်မပြေတာကြောင့် အဖိုးဖြစ်သူက ကျောင်းထားပေးထားရတာဖြစ်တယ်လို့ ဦးကျော်သန်းက ဆက်ပြောပြပါတယ်။

ဝါဆိုသင်္ကန်းကပ်လှူရာမှာ ငွေကျပ်တစ်ထောင်လိုအပ်နေတာကိုလည်း အဖိုးဖြစ်သူဆီက ထုတ်ပေးမယ်ပြောတာကို လက်မခံဘဲ ရွာအနီးက တောထဲကို ငွေတစ်ထောင်ရဖို့ မျှစ်သွားချိုးတဲ့အခါ မိုင်းပေါက်ကွဲပြီး ခြေမျက်စိအောက်ပိုင်းပြတ်ထွက်ကာ သွေးထွက်လွန် သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“မနေ့က ၁၁ နာရီလောက်မှာ အမေဖြစ်သူက သားကိုလာရှာတယ်။ မြေးလေးပျောက်နေတာကိုကျနော်လည်းမသိဘူး။ အဲဒီလို ပျောက်နေလို့ သက်ဆိုင်ရာကိုသွားပြီး သတင်းပို့တဲ့အခါ တာဝန်ယူမှု တာဝန်ခံမှုက သိပ်မရှိဘူး။ ကျနော်တို့ကို ရောက်အောင်မပို့ပေးပါဘူး။ မိုင်းထိတဲ့နေရာနဲ့ဆိုရင် ပေ ၃၀ လောက်အကွာမှာ ကျနော်တို့ကို ထားခဲ့တယ်။ ကူညီပံ့ပိုးမှုမရှိတဲ့အခါ ကျနော်တို့လည်း မသွားမလာရဲဘဲ ဖြစ်နေခဲ့ပါတယ်။ ကျနော့်မြေးလေးက မသေသင့်ဘဲ သေသွားရတာပါ။ သူ့ကို အချိန်မှီကယ်တင်လိုက်နိုင်ရင် ကျနော့်မြေးလေးရဲ့ အသက်တစ်ချောင်းတော့ ရနိုင်ပါသေးတယ်လို့” အဖိုးဖြစ်သူ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ပြောပါတယ်။

အခုလိုမျိုး ပြည်သူတွေ မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရတာတွေ မဖြစ်သင့်ကြောင်းနဲ့ လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ပြဿနာမှာ ပြည်သူတွေကို မထိခိုက်စေချင်းကြောင်း သူက ဆက်ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီလိုပုံစံမျိုး မျက်ရည်ကျပြီး သွေးထွက်သံယို အများကြီးပေးဆပ်နေရတာမျိုး နောက်နောင်မဖြစ်စေဖို့အတွက် ဆန္ဒပြုချင်ပါတယ်။ တကယ်လို့ ပြဿနာတစ်ခုခုဖြစ်ရင်တောင်မှ ပြည်သူတွေကိုတော့ မထိခိုက်မနစ်နာစေချင်ဘူး။ အပြစ်မရှိတဲ့ပြည်သူတွေမှာ ဘယ်သူ့ကို အဖေခေါ်ရမလဲမသိဘဲ အကြောက်တရားတွေနဲ့ လွှမ်းမိုးရှင်သန်နေရတဲ့အခါ ကြောက်နေကြရတယ်။ ဒီလိုမျိုး ခံနေရတာတွေအပေါ် ဒေါသဖြစ်မိပါတယ်” လို့ ပြောပါတယ်။

ကစုကိုင်းကျေးရွာအပြင် အမ်းမြို့နယ်က ကျေးလက်နေပြည်သူလူထုအများစုဟာ တောတောင်ကို မှီခိုလုပ်ကိုင်မှ စားဝတ်နေရေးပြေလည်တဲ့ဘဝဖြစ်ပြီး အခုလိုမိုင်းအန္တရာယ်တွေကြောင့် ဒေသခံတွေ တောတောင်တွေမှာ ဟင်းရှာ၊ သစ်၊ ဝါးခုတ်တာတွေ မလုပ်နိုင်တော့ဘဲ ဘဝရပ်တည်ရေး ကျပ်တည်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ယခု ဇူလိုင်လ ၁၀ ရက်နေ့အထိ မြေမြုပ်မိုင်းကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ရပြီး ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတာတွေနဲ့ ဒဏ်ရာရရှိသူ (၅) ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(မူဆလင်ကျေးရွာ)က နွားကျောင်းနေတဲ့ လူငယ် (၄) ဦး မြေမြုပ်မိုင်းနင်းမိကာ ၂ ဦး ဒဏ်ရာပြင်းထန်တဲ့အတွက် မြောင်းဘွေဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

အဲဒီ မြောက်ဦးမြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားတာနဲ့ ပတ်သက်လို့ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုအမ်းသားကြီးက “မိုင်းနင်းမိတာက တယောက်တည်းနင်းမိတာ။ အဲဒီမှာ အနီးအနားက ကလေးတွေကိုပါထိသွားတာ။ နင်းမိတဲ့ ကလေးကတော့ ခြေတစ်ဖက်ပြတ်သွားတယ်။ နောက်တစ်ဖက်ကလည်း ဖြတ်ရမယ်ဆိုလို့ စစ်တွေဆေးရုံကို ပို့လိုက်ရတယ်။ ကျန်တဲ့ သုံးယောက်မှာ တယောက်ကတော့ မြောင်းဘွေဆေးရုံမှာ နောက် ၂ ယောက်ကတော့ ဒဏ်ရာသိပ်မပြင်းလို့ မြောင်းဘွေဆေးရုံမှာ တင်ထားရတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ကိုအမ်းသားကြီးက “မိုင်းထောင်တယ်ဆိုတာ ရန်သူကို ထိခိုက်နစ်နာအောင်လုပ်ရတာ။ ဒီအပြစ်မရှိတဲ့ ပြည်သူတွေကို မိုင်းအန္တရာယ်မကျရောက်ရအောင် ထောင်တဲ့အချိန်မှာကတည်းက စနစ်တကျ ထောင်ဖို့လိုပါတယ်။ ရန်သူကို ထိခိုက်နစ်နာတာကို ကျနော်တို့ပြည်သူတွေအနေနဲ့ ဘာမှမပြောလိုဘူး။ အပြစ်မရှိတဲ့ပြည်သူတွေကိုတော့ ရန်သူလိုသတ်မှတ်ပြီး မိုင်းထောင်နေတာကတော့ လုံးဝမကောင်းဘူးလို့ ကျနော်ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာက ဒေသခံတဦး မိမိ ဦးယျာဉ်ခြံအတွင်း သီဟို၌စေ့ကောက်နေစဉ် မြေမြုပ်မိုင်းနင်မိကာ သေဆုံးသွားမှုဖြစ်ပွားတဲ့နောက်ပိုင်း ပြည်နယ်တွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ရသေ့တောင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့မှာ မြေမြုပ်မိုင်းပေါက်ကွဲမှု ဆက်တိုက်ဆိုသလို ဖြစ်လာနေပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမှာ မေလ ၁၄ ရက်ကနေ့ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့အထိ မြေမြုပ်မိုင်းပေါက်ကွဲမှု (၁၀) ကြိမ်နဲ့အထက်ရှိခဲ့ပြီး သေဆုံးသူ (၆)ယောက်နဲ့ ဒဏ်ရာရသူ (၁၁)ဦးထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #အမ်း #မြေမြုပ်မိုင်းပေါက်ကွဲ #၈တန်းကလေးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW