ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာကိုအသုံးပြုပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ကြိုးစားလိုကြောင်း အာဆီယံအထူးသံတမန်ပြော

ဖနွမ်းပင်၊ ဇူလိုင်-၂၀-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်ဟာ တတိယမြောက် မြန်မာနိုင်ငံခရီးစဉ် သွားရောက်ဖို့ စီစဉ်နေပြီး တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့အတွက် သူ့ရဲ့သြဇာလွှမ်းမိုမှုကို အသုံးချလိုတယ်လို့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အထူးသံတမန်ဟာ စက်တင်လာ ၁၃ ရက်ကနေ ၂၇ ရက်ထိကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီ စက်တင်ဘာလ ဒုတိယပတ်ထဲမှာ မြန်မာနိုင်ငံကို သွားဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း နို၀င်ဘာလမှာကျင်းပမယ့် အာဆီယံနှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အောက်တိုဘာလအစောပိုင်းမှာလည်း သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာနိုင်ခြေလည်းရှိနေပါတယ်။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့မယ်ဆိုရင် အရေးအကြီးဆုံးမေးစရာ သို့မဟုတ် ဆွေးနွေးစရာက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ဖြစ်ပါတယ်။

လက်ရှိအကျပ်အတည်းအပေါ် အမြင်အပြင် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို ဦးတည်သွားနိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးမှုတွေအပေါ် သူ့ရဲ့ နိုင်ငံရေးသြဇာက ဘယ်လောက်ထိ သက်ရောက်နိုင်မလဲ ဆိုတာတွေဖြစ်တယ်လို့ CNA သတင်းဌာနကို အာဆီယံ အထူးသံတမန် ပရက်ခ်ဆိုခွန်ကပြောပါတယ်။

နောက်ထပ်တချက်မေးလိုတာကတော့ သူ့ရဲ့ အကြမ်းမဖက်ရေးမူက လက်နက်ကိုင်အဖွဲ့တွေအားလုံးကို ဘယ်လိုလွှမ်းမိုးနိုင်မလဲဆိုတာကိုပါလို့ အာဆီယံအထူးသံတမန်က ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့တွေအချင်းချင်း အပစ်အခတ်ရပ်စဲသွားတဲ့အခါ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို တနေ့ရောက်ကြမှာဖြစ်ပြီး အဲဒီနောက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ကျယ်ပြန့်လာမှာဖြစ်တယ်လို့ ပရက်ခ်ဆိုခွန်က ပြောပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးနယ်ပယ်၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် အရေးအကြီးဆုံးသူတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်တယ်လို့ အာဆီယံအထူးသံတမန်က ပြောပါတယ်။

အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန် ယခင်လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်နှစ်ကြိမ်စလုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေက ပယ်ချခဲ့ပါတယ်။

Ref: CNA
Photo: Rathany Than
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW