ပခုက္ကူ မြောက်လူးကန်ရွာက လူမှုကူညီရေးအသင်း ဓားပြတိုက်ခံရ

ဇူလိုင် ၊ ၂၀ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု ၊ မြောက်လူးကန်ကျေးရွာ ၊ မြောက်လူးကန်ဘုန်းကြီးကျောင်းမှာရှိတဲ့ မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းကို မနေ့ ဇူလိုင် ၁၉ ရက် မနက်အစောပိုင်းက ဓားပြတိုက်ခံရတာလို့ ပခုက္ကူမြို့ခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ” မြောက်လူးကန် ဘုန်းကြီးကျောင်းထဲကို မနက် ၆ နာရီက လက်နက်ကိုင်ထားသူတွေ ရောက်လာပြီး ဘုန်းကြီးကျောင်းက အလှူငွေ သိန်း ၂၀ ကျော် ၊ ကွန်ပျူတာ ၁ လုံး ၊ ဖုန်း ၇ လုံး အပြင် မေတ္တာရောင်ခြည် လူမှုကူညီရေး အသင်း စာတမ်းပါ လူနာတင်ယာဥ် ကား ၁ စီး လုယူ ဓားပြတိုက်ခံရတာ ” လို့ ပြောပါတယ်။

” မနေ့က မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ အတိုက်ခံရတာပါ ၊ ရွာတွေမှာက လူမှုကူညီရေးအသင်းကို ဘုန်းကြီးကျောင်းမှာ နေရာထိုင်ခင်းအရ အခြေပြုထားတာ၊ အဲ့ဒီတော့ ဘုန်းကြီးကျောင်း ဓားပြတိုက်ခံရတာလို့လည်း ပြောလို့ရတယ် ” လို့ ပန်းတိုင်းခြုံ ကျေးရွာ အုပ်စုမှာနေတဲ့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဓားပြတိုက်မှုကို ပခု​က္ကူမြို့နယ်ရဲတပ်ဖွဲ့ရုံးက မှတ်တမ်းယူ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလကနေ အခု ဇူလိုင် ၂၀ ရက်အထိ ကားလုယူခံရတဲ့ ဖြစ်စဥ် အကြိမ်ရေ ၅ ခုထက်မနည်း ရှိခဲ့ပြီး ကားအစီးရေဟာ ၉ စီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပခုက္ကူခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ ဆိပ်ဖြူ ၊ ပေါက် ၊ မြိုင် ၊ ရေစကြိုမြို့နယ်တွေဘက်မှာလည်း အလားတူ ကားလုယူခံရတဲ့ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီ ဓားပြမှုတွေက ပါသွားတဲ့ ကားအရေအတွက်နဲ့ဆိုရင် ပခုက္ကူခရိုင်မှာ ကားလုယူခံရတာ အစီးရေး ၂၀ ကျော်ပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW