ဒေးဒရဲမြို့နယ်၊ အင်းဒူးကျေးရွာက သက်တော် ၉၃ ရှိ ဆရာတော်နဲ့ ကပ္ပိယဖြစ်သူ အသတ်ခံရ

ဇူလိုင် ၂၁၊၂၀၂၂
မင်းမြတ်

ဧရာ၀တီတိုင်း၊ဒေးဒရဲမြို့နယ်၊အင်းဒူးကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သက်တော် ၉၃ အရွယ် ကျောင်းထိုင်ဆရာတော် နဲ့ ကပ္ပိယဖြစ်သူတို့ မနေ့ ဇူလိုင် ၂၀ ရက် မနက်စောပိုင်းက ဓားနဲ့ထိုးခုတ်အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရတဲ့ကျောင်းထိုင်ဆရာတော်ဟာ သက်တော် (၉၃)နှစ်၊ဝါတော် (၇၂)ဝါ၊ဘဒ္ဒန္တအိန္ဒြိယဖြစ်ပြီး ဦးခေါင်း ငယ်ထိပ် ပြတ်ရှဒဏ်ရာ (၂)ချက်၊ဝဲပါး ပြတ်ရှဒဏ်ရာ (၁)ချက်နဲ့ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယဖြစ်သူ အသက် (၆၂)နှစ်အရွယ် ဦးမောင်စောဟာ ယာမေးစေ့ပြတ်ရှဒဏ်ရာ(၁)ချက်နဲ့သေဆုံးခဲ့ရကြောင်း ဆရာတော်နဲ့ ကပ္ပိယကို ကျောင်းတိုက်အတွင်းကို လာရောက်သတ်ဖြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

“အသတ်ခံရတဲ့ ကျောင်းထိုင်ဆရာတော်က သက်တော်ရှည် ဆရာတော်ကြီးပါ၊ သက်တော် ၉၃ နှစ်တောင်ရှိပါပြီ၊ကိုယ့်ဆရာတော်အသတ်ခံရတာ ယူကျုံးမရဖြစ်ရတယ်၊စိတ်မကောင်းလည်းဖြစ်ရတယ်၊ကပ္ပိယကြီးကလည်း ဓါးဒဏ်ရာ ၁ ချက်နဲ့သေဆုံးခဲ့ရတာ၊ စိတ်ထဲ တော်တော်လေးကို မကောင်းဖြစ်ရတယ်၊သတ်သွားတဲ့သူတွေက လူစိတ်မရှိတဲ့သူတွေဖြစ်ပုံရတယ်၊ မြန်မာနိုင်ငံမှာလောကပါလတရားတွေ ပျောက်ကွယ်လာပြီး ဘယ်သူမှ သတ်ဖို့ဝန်မလေးတော့ဘူး”လို့ ဒေသခံတဦး ကပြောပါတယ်။

အသတ်ခံရလို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးဟာ နိုင်ငံရေးကိစ္စနဲ့ပတ်သတ်သူမဟုတ်ဘဲ ဒေသအတွက် ဘာသာနာရေးအလုပ်ကိုသာ ဦးဆောင်လုပ်ကိုင်တဲ့ ဆရာတော်ကြီးဖြစ်တယ်လို့သိရပြီး ဆရာတော်နဲ့ ကပ္ပိယအသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာက ရှာဖွေစုံစမ်းနေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိသူတဦးက”
ဖြစ်စဉ်ကိုတာဝန်ရှိအဖွဲ့အစည်းတွေကအသေးစိတ်စစ်ဆေးဆောင်ရွက်နေပါတယ်၊အဖြစ်အမှန်ပေါ်လာပါလိမ့်မယ်၊ရာဇဝတ်ဘေးကပြေးလို့မလွတ်ပါဘူး”လို့ ပြောပါတယ်။

ဒေးဒရဲမြို့နယ်မှာ အခုလို သက်တော်ရှည် ဘုန်းတော်ကြီးတပါးနဲ့ ကပ္ပိယတဦး အသတ်ခံရတဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #ဒေးဒရဲ

Related posts

Leave a Comment

VOM News

FREE
VIEW