အိန္ဒိယက မြန်မာ မတ်ပဲ တန် ၂ သိန်းခွဲကို ၅ နှစ်ဆက်တိုက်၀ယ်မယ်၊ ပြည်တွင်းမှာတော့ အရောင်းအဝယ်မရှိဖြစ်နေ

ဇူလိူင် ၂၂-၂၀၂၂
VOM (GG)

မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် ၂ သိန်းခွဲကို အိန္ဒိယအစိုးရက ၅ နှစ်ဆက်တိုက် ဝယ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။

မတ်ပဲဝယ်ယူမယ့်ကာလဟာ လက်ရှိ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ဖြစ်ပြီး အခုဘဏ္ဍာနှစ်ကုန်အထိကိုလည်း မတ်ပဲနဲ့ ပဲစဉ်းငုံကို အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုထားတယ်လို့သိရသလို ပဲစဉ်းငုံ တန်ချိန် ၁ သိန်းလည်းဝယ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပြည်တွင်းမှာဖြစ်နေတဲ့ ဒေါ်လာကန့်သတ်ချက် ဂယက်တွေကြောင့် မတ်ပဲစျေး မတည်မငြိမ်ဖြစ်နေသလို အဝယ်သာရှိပြီး ရောင်းလိုအား မရှိဖြစ်နေကြောင်း၊ ကုန်သည်တွေကလည်း အခြေအနေကိုစောင့်ကြည့်နေကြရတယ်လို့ ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။

“မြေပဲ၊ ပဲမျိုးစုံကို တင်ပို့ရောင်းချတာကို ဒေါ်လာနဲ့လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့်အရောင်းအဝယ် နည်းတယ်။တင်ပို့ရင်လည်း ပစ္စည်းဖိုးကို အရင်ချေရမယ်ဆိုတော့ လုပ်ငန်းရှင်တွေ ဒုက္ခရောက်ကြတယ်။ရတဲ့ဒေါ်လာကျ ၁၈၅၀ နဲ့ရောင်းရတယ်။ကိုယ်လိုအပ်တော့ ၂၅၀၀ နဲ့ဝယ်ရတယ်၊အဆင်မပြေဘူး။ နောက်ဆုံး အကုန်ထိမှာ၊ ကျနော်တို့ ကတော့ ကိုယ် ကိုက်မယ့်စျေးနဲ့ပဲ ဝယ်ရမယ်ဆိုတော့ တောင်သူတွေပိုထိမယ် ၊စျေးကလည်းမငြိမ်ဘူး “လို့ မတ်ပဲ ကုန်သည်တဦးကပြောပါတယ်။

အိန္ဒိယနိုင်ငံက သူ့တို့ရဲ့ ပဲလိုအပ်ချက်နဲ့ ဝယ်လိုအားအရ ​မြန်မာ့မတ်ပဲကို ဝယ်ယူမှာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ငွေကြေးလဲလှယ်မှုကန့်သတ်ချက်တွေအရ Export နဲ Import ကိစ္စရပ်တွေမှာ အခက်အခဲတွေရှိနေတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကသုံးသပ်ထားပါတယ်။

ပြည်ပပို့ကုန်ရငွေ ဒေါ်လာတွေကိုတော့ မြန်မာကျပ်ငွေ ၁၈၅၀ နှုန်း သတ်မှတ်လဲလှယ်ရမှာဖြစ်တဲ့အပြင် ပြည်ပတင်ပို့မယ့် ကုန်ပစ္စည်းအတွက် ငွေပေးချေမှုကို အရင်ဆောင်ရွက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေထုတ်ပြန်ထားတဲ့ မူဝါဒအသစ်တွေအရ လုပ်ဆောင်ရတဲ့ လုပ်ငန်းအဆင့်တွေမှာ အချိန်ပေးစောင့်ကြည့် ဆောင်ရွက်ရခြင်း၊ သတ်မှတ်ဒေါ်လာဈေးနှုန်းနဲ့ ပြင်ပပေါက်ဈေးကွာခြားချက်ကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပတင်ပို့ရောင်းချမယ့် ထုတ်ကုန်ပစ္စည်း​တွေကို ထိန်းသိမ်းဝယ်ယူနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်တယ်လို့ သိရပါတယ်။

” စျေးက ငွေလဲနူန်းတွေနဲ့ သူတို့ရဲ့မူဝါဒအသစ်တွေပေါ်မူတည်တယ်။အိန္ဒိယမှာတော့ စျေးကမကျဘူး။ကိုယ့်ပြည်တွင်းမှာတော့ ငွေစျေးက အရမ်းကွာဟနေတယ်။ အဆင်မပြေဘူး ။ ဒီတော့ စျေးအဖွင့်ပေးပြီး မဝယ်ရဲဘူး။ အခြေအနေစောင့်ကြည့်နေရတယ် ” လို့ ပို့ကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။

ပြည်တွင်းမှာ မတ်ပဲကတော့ စိုက်ပျိုးတဲ့ တောင်သူ တွေလက်ဝယ်မှာ အနည်းငယ်သာရှိပြီး မတ်ပဲအများစုက သိုလှောင်ထားတဲ့ ကုန်သည်တွေနဲ့ ငွေကြေးချမ်းသာသူတွေဆီမှာသာ ကျန်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ အစတုန်းက မတ်ပဲ ၁ တင်းကို ၅၆၀၀၀ အထိစျေးတက်ခဲ့ပြီး ၁၅ ရက်နေ့မှာ မတ်ပဲစျေး ၅၀၀၀၀ အထိ ပြန်ကျသွားခဲ့ပေမယ့် ဇူလိူင်လ ၂၁ ရက်​နေ့မှာတော့ မတ်ပဲတတင်းကို ၅၄၃၀၀ ထိ စျေးပြန်တက်လာပါတယ်။

လက်ရှိမှာတော့ နယ်စပ်ကနေ ပဲမျိုးစုံပြောင်း၊ နှမ်းမြေပဲနဲ့ ဆီထွက်သီးနှံတွေကို တင်ပို့မယ်ဆိုရင် ပို့ကုန်ရငွေ ရရှိကြောင်း ဘဏ်က ပို့ကုန်ရငွေ ဘဏ်အထောက်အထား ပြနိုင်မှသာ တင်ပို့ခွင့်ပြုမှာဖြစ်သလို တင်ပို့ရောင်းချမှုတိုင်းကို ဒေါ်လာနဲ့သာ ပေးချေရမှာဖြစ်တယ်လို့ ဗဟိုဘဏ်က သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မတ်ပဲ #မြန်မာ #အိန္ဒိယ၀ယ်ယူမယ်

Related posts

Leave a Comment

VOM News

FREE
VIEW