မုံရွာမြို့က ဖုန်းနဲ့ဆိုင်ကယ် အရောင်းဆိုင် ဓားပြတိုက်ခံရ

ဇူလိုင် ၊ ၂၃-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ သစ္စာလမ်း ၊ လမ်းသွယ် ၂ မှာရှိတဲ့ ဖုန်းSecondဆိုင် နဲ့ ဆိုင်ကယ်တွေရောင်းတဲ့ဆိုင်ဟာ ဒီကနေ့ မနက် အစောပိုင်းက ဓားပြတိုက်ခံရတယ်လို့ မြဝတီရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက် အစောပိုင်းက အိမ်စီးကား ၁ စီးနဲ့ လူ ၁၀ ယောက်လောက် ဆိုင်ကိုရောက်လာတယ် ၊ စျေးဝယ်လာတာ မှတ်နေတာ ၊ ဆိုင်ထဲရောက်မှ သေနတ်အတိုတွေနဲ့ ဓားပြတိုက်သွားတာပါ “လို့ အဲ့ဒီ ဖုန်းဆိုင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီ ဓားပြတိုက်ခံရတဲ့ ဖုန်းဆိုင်ကို ဒီမနက်ပိုင်းက လုံးခြုံရေး အဖွဲ့တွေ ရောက်လာ​ပြီး စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

” သစ္စာလမ်းသွယ်ထဲက အဆွေတော် ဖုန်းနဲ့ ဆိုင်ကယ် အရောင်းဆိုင် တိုက်ခံရတာပါ ၊ ဖုန်း အလုံး ၁ ရာကျော်နဲ့ ဆိုင်ကယ် ၈ စီးပါသွားတယ် ၊ ကားအနက်ရောင် အိမ်စီးကား နဲ့ လူ ၁၀ လောက်က ဝင်တိုက်တာ ” လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဓားပြတိုက်ခံရတဲ့ မြဝတီရပ်ကွက်နေ ဒေသခံတယောက်က ” ဖုန်းဆိုင်မှာ CCTV ရှိလည်း ၊ ဓားပြတိုက်ခံရတဲ့အချိန်က လျှပ်စစ်မီး ပျက်နေတော့ မှတ်တမ်းရနိုင်ဖို့ အခက်အခဲရှိတယ် ၊ မြဝတီရပ်ကွက်ရုံးမှာ တပ်ကော ရဲပါ ရှိနေတာ ၊ အခု ဓားပြတိုက်ခံရတဲ့ နေရာနဲ့က သိပ်မဝေးဘူး “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မုံရွာမြို့လယ်မှာရှိတဲ့ ရုံးကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းရဲ့နေအိမ် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၄ ရာကျော် ၊ ဖုန်း အလုံး ၂၀ နဲ့ ရွှေထည်ပစ္စည်းတချို့ပါသွားတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လနဲ့ အခုလ ၂၃ ရက်အတွင်း မုံရွာမြို့ပေါ်မှာ ဓားပြတိုက် လုယက်ခံရတဲ့ ဖြစ်ပွားမှုပေါင်း ၅ ခုထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ဖုန်းနဲ့ဆိုင်ကယ်အရောင်းဆိုင်ဓားပြတ်ုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW