နိုင်ငံအရှေ့ပိုင်းမှာ အကြီးစားစစ်ရေးလေ့ကျင့်ဖို့ ရုရှားပြင်ဆင်နေ

မော်စကို၊ ဇူလိုင်-၂၉-၂၀၂၂
မျိုးဆက်(VOM)

ရုရှားနိုင်ငံဟာ သြဂုတ်နှောင်းပိုင်းကနေ စက်တင်ဘာအစောပိုင်းထိ နိုင်ငံအရှေ့ပိုင်းမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်မယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဗော့စတော့လို့အမည်ရတဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို အရှေ့ပိုင်းစစ်ဌာနချုပ်မှာ သြဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၅ ရက်ထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံက မြောက်ပိုင်းနယ်မြေလို့သတ်မှတ်ခေါ်ဆိုတဲ့ ကျွန်းလေးကျွန်းထဲက အီတိုရိုဖူနဲ့ ကူနာရှီရီအပါအ၀င် စစ်ရေးလေ့ကျင့်မှုအတွက် လေ့ကျင့်မယ့်နေရာ ၁၃ နေရာကို ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီကျွန်းလေးကျွန်းကို ရုရှားကထိန်းချုပ်ထားတာဖြစ်ပြီး ဂျပန်နိုင်ငံကလည်း ပိုင်ဆိုင်ကြောင်းနဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ ရုရှားကသိမ်းပိုက်ခဲ့တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

၂၀၁၈ ခုနှစ်မှာပြုလုပ်တဲ့ ပထမဆုံးအကြိမ် ဗော့စတော့စစ်ရေးလေ့ကျင့်မှုမှာတော့ တရုတ်ကြည်းတပ်နဲ့ လေတပ်တို့ ပါ၀င်ခဲ့ပါတယ်။

အခုပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာလည်း နိုင်ငံခြားတပ်ဖွဲ့၀င်တွေ ပါ၀င်မှာဖြစ်ပြီး ဘယ်နိုင်ငံတွေလဲဆိုတာကိုတော့ ရုရှားကထုတ်ပြန်ခြင်းမရှိပါဘူး။

Ref: NHK
Photo:TASS
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW