မြောက်ဒဂုံက လမ်းဘေးမုန့်ဟင်းခါးဆိုင်မှာ ဗုံးပေါက်လို့ ဆိုင်ရှင်နဲ့လူငယ်၂ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင် ၃၁၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၄၇ ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းမပေါ်ရှိ လမ်းဘေးမုန့်ဟင်းခါးဆိုင်မှာ ဒီကနေ့ မနက် ၁၁ နာရီခွဲက ဗုံးပေါက်ခဲ့ရာ ဆိုင်ရှင်နဲ့စားသုံးသူ လူငယ် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ဗိုလ်မြတ်ထွန်းလမ်း ဓမ္မာရုံအနီးက မုန့်ဟင်းခါးဆိုင်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဆိုင်ရှင်နဲ့စားသုံးသူလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်၊ ဆိုင်ခုံအောက်ကနေ ဗုံးထပေါက်တာ ကီးပတ်ဖုန်းနဲ့ထောင်ထားတာ ဆိုင်ရှင်နဲ့လူငယ်နှစ်ယောက်ထိတယ်၊ ဒဏ်ရာကတော့ အရမ်းမရဘူး အခုဆေးရုံကို လူနာတင်ယာဥ်နဲ့ခေါ်သွားတယ်”လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ ဆိုင်ရှင်ဒေါ်သင်းသင်းထွေးနဲ့ လူငယ်၂ဦးကို ဆေးရုံပို့ဆောင်ကုသပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက် နတ်စင်မှတ်တိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ YBS ကားစောင့်နေသူခရီးသည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက်မှာလည်း ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား၂ဦးသေဆုံးခဲ့ပါသေးတယ်။

မနေ့ ဇူလိုင်၃၀ရက်ကလည်း ကျောက်တံတားမြို့နယ် အမှတ် ၁ ရပ်ကွက်ရှိ မြို့တော်ခန်းမဝင်ပေါက်ထွက်ပေါက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲဝန်ထမ်း၃ဦးနဲ့စည်ပင်နေစားဝန်ထမ်း ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူငယ်၂ဦးဖမ်းဆီးခံခဲ့ရပါသေး
တယ်။

ဒီကနေ့ ရန်ကုန်က မြို့နယ်အချို့မှာ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ကမ်ပိန်း​ပြုလုပ်မယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တာကြောက့် စစ်တပ်နဲ့ရဲတွေက လမ်းဆုံတွေမှာ လုံခြုံရေးအပြည့်ချထားတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW