သင်္ဃန်းကျွန်းနဲ့တောင်ဒဂုံမှာ ဗုံးပေါက်ကွဲပြီး လူ ၂ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ဇူလိုင် ၃၁၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့တောင်ဒဂုံမြို့နယ်တို့မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ရာ ၂ဦးသေပြီး ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ရာ မြို့နယ်တွေဆီကသိရပါတယ်။

တောင်ဒဂုံမြို့နယ်၊ ၁၇ ရပ်ကွက်၊ အမှတ် ၂လမ်းမကြီးပေါ်ရှိ နတ်စင်ကားမှတ်တိုင်မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ YBS ကားစောင့်နေတဲ့ ခရီးသည်၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ကားမှတ်တိုင်မှာ ပေါက်တာ အဲ့ဒီမှာကားစောင့်နေတဲ့ ၄ဦး ဒဏ်ရာရတယ်၊ လူနာတင်ယာဥ်တွေနဲ့ခေါ်သွားတာတွေ့တယ် စစ်တပ်တော့ ရောက်ပြီး စစ်ဆေးနေတယ်”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ကိုသန်းဝင်း၊ကိုဟန်ဝင်းငြိမ်း၊ကိုကျော်မင်းနိူင်နဲ့မဖြူသွယ်အေးတို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးကပြောပါတယ်။

“အခုဆေးရုံပို့ထားပါတယ်၊ YBS မှတ်တိုင်က ခုံအောက်ကနေ ဗုံးကပေါက်တာ ဒဏ်ရာတော့ရတယ် မစိုးရိမ်ရပါဘူး”လို့ ပြောပါတယ်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ရပ်ကွက်၊ ကောက်သွယ်၁ လမ်းရှိ နေအိမ်တစ်လုံးအတွင်း ဒီကနေ့ မနက်၅နာရီက ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသား၂ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“မနက် ငါးနာရီလောက်ကြီးပေါက်တာ၊ အဲ့ဒီအိမ်က လူနှစ်ယောက်ဒဏ်ရာရပြီး သေသွားတယ်၊ နောက်ဗုံးတစ်လုံးတွေ့တယ်လို့လည်း ကြားတယ်”လို့ ပြောပါတယ်။

အဲ့ဒီဗုံးပေါက်ကွဲမှုကြောင့် ကိုနေလင်းနဲ့ကိုပြည့်ဖြိုးဦး ဆိုသူနှစ်ဦးမှာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒီကနေ့ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ သင်္ဃန်းကျွန်းနဲ့.တောင်ဒဂုံတို့မှာ မြို့နယ်ချင်းထိစပ်နေတာကြောင့် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ ဇူလိုင်၃၁ရက်ကလည်း ကျောက်တံတားမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ မြို့တော်ခန်းမ ဝင်ထွက်ပေါက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲဝန်ထမ်း ၃ဦးနဲ့စည်ပင်နေစားဝန်ထမ်း ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူငယ် ၂ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Photo-ရန်ကုန်မှာ ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးယူထားစဥ်(ပုံဟောင်း)
#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW