ပုသိမ်အကျဉ်းထောင်မှာ သေဒဏ်ချခံထားရသူ ၂ ဦးနဲ့ တသက်တကျွန်းချခံထားရသူ ၅ ဦးရှိ

သြဂုတ်၊ ၅-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊ ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက သေဒဏ်ချမှတ်ခံထားရသူ ၂ ဦးနဲ့ တသက်တကျွန်းအမိန့်ချခံထားရတဲ့ ၅ ဦးရှိတယ်လို့ ပုသိမ်အကျဉ်းထောင်ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

သေဒဏ်အမိန့်ချခံထားရသူ ၂ ဦးက ရန်ကုန်တိုင်း အင်းစိန်ထောင်ကနေ ပုသိမ်အကျဉ်းထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ ကိုကျော်ကျော်နိုင်နဲ့မလှလှနိုင် ၂ ဦးဖြစ်တယ်လို့သိရပြီး တသက်တကျွန်းအမိန့်ချခံထားရသူတွေကတော့ ကိုလှိုင်မင်းကျော်၊ ကိုအောင်ဖြိုးသွင်၊ကိုဇင်မင်းထွန်း၊ကိုဇော်ဝင်းမြင့်နဲ့ ကိုအောင်ကိုကိုဇော်တို့ဖြစ်တယ်လို့သိရပါတယ်။

“ဟုတ်ပါတယ် ပုသိမ်အကျဉ်းထောင်မှာ သေဒဏ်ချခံထားရတဲ့သူ ၂ ယောက်နဲ့ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံထားရသူ ၅ ယောက်ရှိပါတယ်၊ သေဒဏ်ချမှတ် ခံထားရသူ ၂ ယောက်က လင်မယားနှစ်ယောက်ပါ၊ သူတို့ ၂ ယောက်ကို ၂၀၂၁ စက်တင်ဘာလက ပုသိမ်ထောင်ကိုရောက်လာကြတာပါ၊ဒါ့အပြင် ထောင်တစ်သက်အမိန့်ချခံထားရတဲ့ ၅ ယောက်ကတော့ ၂၀၂၂ ၊ဇန်နဝါရီလမှာပုသိမ်ထောင်ကိုရောက်လာခဲ့တာပါ၊
၇ ယောက်လုံးကို အင်းစိန်ထောင်တရားရုံးကအမိန့်ချခံရပြီးမှ ပုသိမ်ထောင်ကိုရောက်လာတာဖြစ်ပါတယ်။”လို့ အကျဉ်းထောင်ဝန်တဦးကပြောပါတယ်။

တသက်တကျွန်းနဲ့သေဒဏ်အမိန့်ချမှတ်ခံထားရသူ ၇ ယောက်ကို တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့အတူမထားဘဲ နေရာခွဲထားတယ်လို့သိရပြီး သူတို့ ၇ ယောက်ဟာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးပြောင်းလဲမှုတွေဖြစ်ပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်နဲ့ နိုင်ငံရေးအကျဉ်းသူ ၅၀ ကျော်ရှိပြီး ထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သူ ၁၀၀ ကျော် ရှိတယ်လို့ ပုသိမ်အကျဉ်းထောင်ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ်

Related posts

Leave a Comment

VOM News

FREE
VIEW