အင်းစိန်ထောင်က နိုင်/ကျဥ်း၁၃၀ နီးပါး သာယာဝတီထောင်ကိုပြောင်းရွေ့ခံရ

ဩဂုတ် ၇-၂၀၂၂
VOM (GG)

အင်းစိန်ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ကို သာယာဝတီအကျဥ်းထောင် ပြောင်းရွှေ့ခံလိုက်ရတယ်လို့ နိုင်/ကျဥ်းမိသားစုဝင်တွေဆီက သိရပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေကို ဩဂုတ်လ ၅ ရက်နေ့က ထောင်ပြောင်းရွှေ့လိုက်တာဖြစ်ပြီး ၊ ပြောင်းရွှေ့ခံရပြီး နောက်ရက် မှသာ သက်ဆိုင်ရာ နိုင်ကျဥ်းမိသားစုဝင်တွေအနေနဲ့ သိခွင့်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” တနေ့က ညနေ ပိုင်းမှာ ထောင်ပြောင်းတာလို့သိရတယ်။ ထောင်ပြောင်းတာကို မိသားစုကိုအသိမပေးဘူး ။ပြောင်းပြီး နောက်ရက်ရောက်မှ သိရတာမျိုး။ အရင်တခါလည်း အဲ့ဒီလိုပဲ လုပ်တယ်။ အခု ထောင်ပြောင်းခံရတဲ့အထဲမှာ ကျနော်တို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)ဥက္ကဋ္ဌ ကိုခန့်သူအောင် လည်းပါတယ် ၊ အခုတော့ မိသားစုတွေဆီအကြောင်းကြားလို့ သိသူသိကြပြီ မိန်းကလေးတွေလည်းတော်တော်ပါတယ်”လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားတဦးကပြောပါတယ်။

သာယာဝတီအကျဥ်းထောင်ကို ပြောင်းရွှေခံလိုက်ရလို့ ထောင်ဝင်စာသွားရောက်တွေ့မယ့်သူတွေအနေနဲ့ သန်းခေါင်းစာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူတွေ ယူဆောင်သွားဖို့လိုအပ်တယ်လို့ နစက လက်ထက် ဖမ်းဆီးထောင်ချခံရသူတွေနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့မှုတွေလုပ်နေသူတဦးက အကြံပြုပြောဆိုထားပါတယ်။

သာယာဝတီ ထောင်ဝင်စာပို့ချိန်ဟာ မနက် ၉ နာရီကနေ ၁၁ နာရီအထိ တကြိမ် ၊နေ့လယ် ၁နာရီကနေ ၃ နာရီအထိ တကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

အင်းစိန်ထောင်ကနေ ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေး အကျဥ်းသားပေါင်း ၁၃၀ နီးပါးရှိပြီး၊ ထောင်ပြောင်းရွှေ့တာနဲ့ပတ်သက်လို့ မေးမြန်းဖို့ အကျဥ်းဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

အရင်ကလည်း အင်းစိန်ထောင်ကနေ နိုင်/ကျဉ်း ရာနဲ့ချီပြီး သာဝတီထောင်နဲ့ ဒိုက်ဦးထောင်ကို ပြောင်းရွှေခံရတာတွေ ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #အင်းစိန်အကျဉ်းထောင် #နိုင်ကျဉ်း #ထောင်ပြောင်းရွှေ့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW