PMG ပုလင်းသန့်စင်စက်ရုံက အလုပ်သမားတွေ ရက်မှန်ကြေးရရှိရေးအတွက် သပိတ်မှောက်တောင်းဆိုနေ

သြဂုတ် ၈၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်အပိုင်း ၃ က PMG ပုလင်းသန့်စင်စက်ရုံမှာ ဒီကနေ့ မနက်ပိုင်းက အလုပ်သမားတွေဟာ ရက်မှန်ကြေးရရှိရေးအတွက် လုပ်ငန်းခွင်အတွင်းမှာ သပိတ်မှောက်တောင်းဆိုကြတယ်လို့ သိရပါတယ်။

PMG ပုလင်းသန့်စင်စက်ရုံက အလုပ်သမား ၃၈ ဦးဟာ ဒီနေ့မနက်ကစပြီး လုပ်ငန်းခွင်အတွင်း အလုပ်မလုပ်ဘဲ ရက်မှန်ကြေးရရှိရေးအတွက် သပိတ်မှောက် တောင်းဆိုနေတာဖြစ်တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

“အရင်ကတည်းက ပေးနေတဲ့ရက်မှန်ကြေးကို နိုင်ငံရေးနဲ့ရောချပြီး စက်ရုံက မပေးတာ ၂၀၂၁ ဖေဖော်ဝါရီကစပြီး၊ အဲ့ဒါကြောင့် တောင်းဆိုတာ”လို့ ပြောပါတယ်။

စက်ရုံက အလုပ်သမားတွေရဲ့လစာ ၁၀ ရာခိုင်နှုန်း ကို ရက်မှန်ကြေးအဖြစ် စက်ရုံဘက်မှ ပေးခဲ့ပေမယ့်လည်း ၂၀၂၁ ဖေဖော်ဝါရီကစလို့ မပေးခဲ့တဲ့အတွက် နားလည်ပေးခဲ့ပြီး စက်ရုံဘက်ကိုတင်ပြခဲ့ရာ မရတဲ့အဆုံး မေလ ကစတင်ပြီး အလုပ်သမားဦးစီးဌာနကိုတိုင်ကြားပြီးဖြေရှင်းမှုတွေပြုလုပ်ခဲ့တယ်လို့ PMG အလုပ်သမားသမဂ္ဂ၊ ပုလင်းသန့်စင်ဌာန ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

.”သုံးကြိမ်ဖြေရှင်းတယ် မရဘူး ခုံသမာဓိကို တက်တယ် ပယ်ချခံရတယ် အဲ့ဒါကြောင့် အခုလို သပိတ်မှောက်တောင်းဆိုတဲ့အထိ ဖြစ်သွားတာ”လို့ ရှင်းပြပါတယ်။

ဒီနေ့သပိတ်မှောက်တောင်းဆိုမှုပြုလုပ်ရာ လုပ်ငန်းခွင်ကို အလုပ်ရှင်ကိုယ်စားလှယ်ဘက်မှ အလုပ်သမားတွေကို အလုပ်မလုပ်ရင် လစာမရဘူးလို့ ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

PMGပုလင်းသန့်စင်စက်ရုံ အလုပ်ရှင်၊အလုပ်သမားပြဿနာမှာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးနဲ့ ခုံသမာဓိအဖွဲ့တို့မှာ ဖြေရှင်းခဲ့ပေမယ့့် ခုံသမာဓိက အလုပ်ရှင်ကို အနိုင်ပေးခဲ့လို့ အလုပ်သမားတွေ သပိတ်မှောက်တာဖြစ်တယ်လို့ ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(STUM) မှစည်းရုံးရေးမှုးကိုဝေဇင်အောင်က ပြောပါတယ်။

“ခုံသမာဓိမှာ ရှုံးပေမယ့် ခုံကောင်စီကို တက်လို့ရတယ်၊ ဒါပေမယ့် ထပ်ရှုံးမှာပဲ အလုပ်ရှင်ဘက်ကို အသာပေးမှာသိလို့ အလုပ်သမားတွေက ဥပဒေပါ ခွင့်ပြုချက်အတိုင်း လုပ်ငန်းခွင်အတွင်း သပိတ်မှောက်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့တာလို့”သူက ရှင်းပြပါတယ်။

PMG ပုလင်းသန့်စင်စက်ရုံက အလုပ်သမားတွေ သပိတ်မှောက်တောင်းဆိုတာနဲ့ပါတ်သတ်ပြီး.စက်ရုံဘက်ကို VOM က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိအခြေအနေမှာ အလုပ်သမားတွေအနေနဲ့ ရက်မှန်ကြေးပြန်လည်မရမချင်း လုပ်ငန်းခွင်အတွင်း ဆက်လက်သပိတ်မှောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သပိတ်မှောက်ဆန္ဒပြတဲ့ စက်ရုံမှာ အလုပ်သမား ၇၀ ခန့်ရှိပြီး မူလက သပိတ်မှောက်တောင်းဆိုဖို့ အလုပ်သမား ၄၉ ဦး သဘောတူညီခဲ့ပေမယ့် အလုပ်သမားဦးစီးဌာနက ဖိအားပေးခြိမ်းခြောက်မှုတွေရှိလို့ လက်ရှိ အလုပ်သမား ၃၈ ဦးသာ သပိတ်မှောက်နေတာဖြစ်တယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW