ဓာတ်မြေဩဇာစျေး ၁ သိန်း၃သောင်းနီးပါး မြင့်တက်လာပြီး ပစ္စည်းတွေ မှာမရဖြစ်နေ

ဩဂုတ် ၉-၂၀၂၂
GG (VOM)

ဓာတ်မြေသြဇာစျေးနူန်း ယခုရက်ပိုင်းအတွင်းမှာ တအိတ်ကို ၁၂၅၀၀၀ ကျပ် အထိ မြင့်တက်သွားတယ်လို့ စိုက်ပျိုးရေးအရောင်းဆိုင်တွေနဲ့လယ်သမားတွေ ဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိူင်လတုန်းကမှ မြေဩဇာတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ၁၅ ပတ်လည် မြေဩဇာစျေး တအိတ်ကို ၁၀၅၀၀၀ ကျပ်သာရှိပေမယ့် မနေ့ ဩဂုတ်လ ၈ ရက်နေ့မှာတော့ မြေဩဇာတအိတ်ကို ၁၂၅၀၀၀ ကျပ်အထိ စျေးမြင့်တက်သွားတာဖြစ်ပါတယ်။

အခုလို မြေဩဇာစျေးတက်တာနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးအရောင်းဆိုင် တခုက ” ကုမ္ပဏီကကို ပစ္စည်းမှာမရတော့ဘူး ၊အခုလောလောဆယ် မှာလို့မရဘူး ။ နောက်ပြီး စျေးတွေကလည်း ဟိုမှာကိုတက်နေတာဆိုတော့ ကျမတို့လည်း ရှိတာကို တက်ရောင်းရတဲ့သဘော။ ကျမတို့တင်မဟုတ်ဘူး ဆိုင်တိုင်းအဲ့ဒီလိုပဲ စျေးအကုန်တက်ရောင်းတယ် ” လို့ ပြောပါတယ်။

မြင်းပျံ ပုလဲ ဓာတ်မြေဩဇာက ၁၀၅၀၀၀ ကျပ် ဖြစ်သွားတယ်လို့ သိရပါတယ်။

ဓာတ်မြေဩဇာကိုတော့ ထိုင်းနဲ့တရုတ်ကနေ အဓိကတင်သွင်းတာဖြစ်ပြီး လက်ရှိမှာ ထိုင်းဘတ်ငွေစျေးနဲ့တရုတ်ယွမ်ငွေစျေးတက်တာတွေကြောင့်လည်း သွင်းအားစုတွေ စျေးမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

အခုလို မြေဩဇာစျေးနူန်းတွေ တနေ့ထက်တနေ့ မြင့်တက်လာသလို ပိုးသတ်ဆေးစျေးနူန်းတွေကလည်း မြင့်တက်နေတာကြောင့် စပါးစိုက်တောင်သူ တွေသာမက ယာစိုက်ပျိုးသူတွေလည်း ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။

” မြေဩဇာက မပက်လို့လည်းမရဘူး။ အရင်ရက်တွေတုန်းက စျေးနည်းနည်းငြိမ်နေပေမယ့် မိုးကမရွာတော့ ပက်မရဘူး။ ဝယ်ထားဖို့လည်း ပိုက်ဆံမရှိဘူး။ပက်တော့မယ်ဆိုမှ ချေးငှားလုပ်ရမှာ ။အခုမိုးရွာလို့ပက်မယ်ဆိုပြီးစုံစမ်းတော့ စျေးကကြောက်စရာကောင်းအောင်တယ်။ အခုမြေဩဇာတအိတ်စျေးက အရင်တုန်းက မြေဩဇာ ၄ အိတ်ကိုရတယ်။ ဒီအခြေနေမှ မမွဲ ဘယ်အချိန်မွဲမှာလဲ”လို့ တောင်သူတဦးကပြောပါတယ်။

၂၀၂၀ ခုနှစ်က ပုလဲမြေဩဇာ တအိတ်ကို ၂၃၀၀၀ ကျပ်နဲ့ ၂၄၀၀၀ ကျပ်သာရှိပြီး ၊ ၂၀၂၁ ခုနှစ်မှာ ၆ သောင်းကျပ်အထိ မြင့်တက်ခဲ့ကာ အခု ၂၀၂၂ ခုနှစ်မှာတော့ ၁ သိန်း ၃သောင်းနီးပါးအထိ အဆမတန်မြင့်တက်သွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စပါးကိုအဓိကစိုက်ပျိုးတာက ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ စစ်ကိုင်းတိုင်း ၊မကွေးတိုင်းတို့ပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဓာတ်မြေသြဇာစျေး #မြင့်တက် #ပစ္စည်းတွေမှာမရဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW