မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံကို ကူးစက်မှုမရှိဖို့နဲ့ ကာကွယ်ဆေးရဖို့ လုပ်နေတယ်လို့သိရ

ဩဂုတ် ၁၁-၂၀၂၂
GG(VOM)

မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံကို ကူးစက်မှုရှိမလာအောင် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဆောင်နေသလို ရောဂါတွေ့ရှိလာရင် ကုသဖို့အတွက် ကြိုတင်ပြင်တင်မှုတွေ ပြုလုပ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ပြည်တွင်းမှာ မျောက်ကျောက်ကူးစက်မှုတွေ့ရှိပါက ကုသဖို့အတွက် ဆေးရုံတွေပြင်ဆင်ထားသလို ကိုဗစ်-၁၉ရောဂါအတွက် RDT စစ်ဆေးမှုနဲ့အတူ မျောက်ကျောက်ရောဂါလက္ခဏာ စစ်ဆေးခြင်းကိုပါ ကျန်းမာရေးဝန်ထမ်းတွေက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

” လူနာတွေ့ရင်ကုသဖို့အတွက် ဆေးရုံတွေပြင်ဆင်ထားတယ်။သီးသန့် ခွဲခြားပြီး ဘယ်လိုကုမလဲ၊ ထပ်မကူးအောင် ဘယ်လိုလုပ်မလဲ၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဥ်အရ သွားတာပေါ့ ၊ကျနော်တို့ စစ်ဆေးမှုတွေလည်း လုပ်နေတယ်၊ ပြီးခဲ့တဲ့ လထဲကပေါ့ အထူးသဖြင့်မျောက်ကျောက် ဒီလိုမျိုးလက္ခဏာတွေနဲ့လာတဲ့လူ ၂၈ ယောက်ကို PCR run ပြီးပြီ မတွေ့သေးပါဘူး”လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

ဒါ့အပြင် မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးရရှိဖို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ အာဆီယံအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

လက်ရှိမှာတော့ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေးတာ ၊ လေကြောင်းနဲ့ နယ်စပ်ဝင်ထွက်ပေါက်တွေကနေ ဝင်ရောက်လာသူတွေကို ဖြည့်စွက်ရမယ့် ကျန်းမာရေးမှတ်တမ်းကဒ် (Health Declaration Card)မှာ မျောက်ကျောက်ရောဂါနဲ့ပတ်သက်တဲ့ အချက်အလက်တွေဖြည့်စွက်ခြင်းတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

မျောက်ကျောက်ရောဂါကာကွယ်ရေးနည်းလမ်းဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းတွေနဲ့ သဘော သဘာဝ တူညီတာကြောင့် တဦးချင်းလိုက်နာရမယ့်​ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းကို လိုက်နာဖို့အရေးကြီးတယ်လို့ သိရပါတယ်။

မျောက်ကျောက်ရောဂါဟာ လက်ရှိမှာ အမေရိကန်၊ ထိုင်းနိုင်ငံ၊အိန္ဒိယ ၊ စင်္ကာပူ အပါအဝင် ပြည်ပနိုင်ငံပေါင်း ၇၀ ကျော်မှာ ကူးစက်မှုရှိနေပါတယ်။

မျောက်ကျောက်ရောဂါကို အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း ကြေညာထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မျောက်ကျောက်ရောဂါ #ကာကွယ်ရေးလုပ်ငန်း #ကျန်းမာရေးဝန်ကြီးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW