ဒေါ်လာ ရောင်း၊ဝယ်၊လဲလှယ်ခြင်းကို ၀.၃%နဲ့သာ ပြုလုပ်ရမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်

ဩဂုတ် ၁၀-၂၀၂၂
VOM (GG)

နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ရောင်းခြင်း ဝယ်ခြင်း ၊ လဲလှယ်ခြင်းတွေကို ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ရည်ညွန်းငွေလဲလှယ်နူန်း ဝ.၃ % ဘောင်အတွင်းကနေသာ အတိုးအလျှော့လုပ် ဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ထုတ်ပြီး အသိပေးပြောဆိုလိုက်ပါတယ်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားခွင့်ရတဲ့ လုပ်ငန်း(AD) တွေ ၊လိုင်စင်ရဘဏ်၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့် (MC)လိုင်စင်ရဘဏ်၊ လိုင်စဉ်ရဘဏ် မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ဖြစ်စေ ၊ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊လဲလှယ်ခြင်း ဆောက်ရွက်ခြင်း၊ ငွေလွဲလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီတွေ ပြည်ပကိုနိုင်ငံခြား ငွေလွှဲပြောင်းခြင်းနဲ့ လွှဲပို့ခြင်း​တွေ ဆောင်ရွက်တဲ့အခါမှာ အဲ့ဒီသတ်မှတ်ဘောင်အတွင်းကနေ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

” အရင်ကလည်း အခုလို ဘောင်အတွင်းကရောင်းဖို့ဝယ်ဖို့ ခဏခဏထုတ်ခဲ့တယ်။ ဒေါ်လာစျေးတွေ အခုလိုတက်တဲ့အခါဆို သူတို့ထုတ်တတ်တယ်။ ဒါပေမယ့် အခုလိုထုတ်လည်း ဒီဘောင်အတွင်းကနေ ရောင်းဝယ်တာကတော့ မရှိခဲ့ဘူး ။စျေးကွက်က ကြိုက်ရောင်းကြိုက်ဝယ်စနစ်ပဲ ကြုံခဲ့ရဘူးတယ်။ ဗဟိုဘဏ်သတ်မှတ်တဲ့ စျေးထက် ဒဿမ ၃ အတိုးအလျှော့ပဲလုပ်ဖို့ကန့်သတ်တာပေါ့ “လို့ လုပ်ငန်းရှင်တဦးကပြောပါတယ်။

တကယ်လို့ ဗဟိုဘဏ် သတ်မှတ်ချက်ကို ကျော်လွန် ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမူ ဥပဒေ၊ စည်းမျဉ်းတွေအရ အရေးယူဆောင်ရွက်မယ်လို့လည်း သိရပါတယ် ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကလည်း နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း နဲ့ ပတ်သက်ပြီး ရည်ညွန်းငွေလဲနူန်း ၀.၈ ၊ ၀.၅ ဘောင်အတွင်းကနေလုပ်ဆောင်ဖို့သတ်မှတ်ခဲ့ပေမယ့် ပြန်လည်ပယ်ဖျက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ကိုဆက်သွယ်ခဲ့ရာ တာဝန်ရှိသူက “လောလောဆယ်မှာ ဖြေကြားဖို့အဆင်မပြေသေးပါဘူး”လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ဗဟိုဘဏ်က တဒေါ်လာကို ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပဒေါ်လာစျေးကွက်မှာတော့ တဒေါ်လာကို ၂၆၀၀ အထက်မှာရှိနေကာ စျေးကွက်ကကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဗဟိုဘဏ်

Related posts

Leave a Comment

VOM News

FREE
VIEW