မဏီပူရ်ပြည်နယ်မှာရောက်ရှိနေတဲ့ မြန်မာ ၅ ဦးကို အိန္ဒိယရဲက ဖမ်းဆီး

သြဂုတ် ၁၀-၂၀၂၂
SP(VOM)

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်၊ ချာချန်ပူရ် ( Churachandpur) ခရိုင် ၊ နဂထွယ် ( Ngathal )ရွာက နေအိမ်တခုမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို မဏိပူရ်အာဏာပိုင်တွေက မနေ့ သြဂုတ် ၉ ရက်က ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယနိုင်ငံရောက် မြန်မာအရေးကို ကူညီပေးနေတဲ့ မိုးရေးမြို့ခံ မြန်မာတွေဆီက သိရပါတယ်။

” အဖမ်းခံရတာက မြန်မာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်တယ် ၊ သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ထုတ်ဖော်ပြောဖို့ အချိန်စောသေးတယ် “လို့ မိုးရေးမြို့က မြန်မာလုပ်သားအရေးကို ကူညီပေးနေတဲ့ ကုန်သည် ကိုသိန်းမြင့်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာ ၅ ဦးဟာ နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထားတွေ တင်ပြနိုင်ခြင်း မရှိတာကြောင့် နိုင်ငံခြားသား ဥပဒေအရ အရေးယူခံရဖွယ် ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်ကလည်း ချာချန်ပူရ်ခရိုင်အာဏာပိုင်တွေဟာ မြန်မာ-အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ဒေသက ရွာပေါင်း ၂ ရာကျော်ကို တအိမ်ဝင် တအိမ်ထွက်စနစ်နဲ့ လိုက်လံ စစ်ဆေးတဲ့အခါ မြန်မာနိုင်ငံသား ကလေးတချို့အပါအဝင် လူ ၂၀ ခန့် ဖမ်းဆီးခံရပြီး လက်ရှိမှာတော့ အိန္ဒိယ လဝက ဥပဒေနဲ့ အမှုရင်ဆိုင်နေရတယ်လို့ နယ်စပ်သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့လ ၅ ရက်နေ့က တမူးမြို့မှာ မိုးရေးဒေသခံ အိန္ဒိယ တမီးလ် လူမျိုး ၂ ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း အိန္ဒိယအာဏာပိုင်တွေဟာ နယ်စပ်တလျှောက် လုံခြုံရေးတွေ တင်းကြပ်စွာချထားပြီး နယ်စပ်မျဥ်းနားက ရွာတွေကို နေ့တိုင်း ဝင်ရောက် စစ်ဆေးနေတယ်လို့ လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံရောက် မြန်မာတွေ ဒီနှစ်ထဲမှာ အဖမ်းခံရတာ မီဇိုရမ်းပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်မှာ ၅၀ ဝန်းကျင်ရှိပြီလို့ သိရပါတယ်။

#voiceofmyanmar #VOM #မဏီပူရ်ပြည်နယ်မှာ #မြန်မာ၅ဦးဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW