ကလေးဝ – မော်လိုက်လမ်းမှာ ၁ လအတွင်း တံတား ၃ စင်းကျိုးလို့၊ သွားလာလို့မရသေး

သြဂုတ် ၊ ၁၂ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ ကလေးဝ – မောလိုက် ကားလမ်းပေါ်က တံတားညီနောင် လို့ခေါ်တဲ့ တံတားဟာ မနေ့ သြဂုတ် ၁၁ ရက် ညနေ ၃ နာရီဝန်းကျင်က ကျိုးကျပျက်စီးသွားတဲ့အတွက် ယာဥ်တွေ သွားလာလို့ မရသေးဘူးလို့ ကုန်စည်ပို့ဆောင်ရေး ကားသမားတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်းမှာ ကျိုးကျပျက်စီးသွားတာပါ ၊ ကျိုးကျရတဲ့အကြောင်းအရင်းကတော့ မိုးရွာတာများပြီး တံတားချည်းကပ်လမ်းတွေ မြေသားအိနေတဲ့အချိန် ဆီတင်ကားက ဖြတ်မောင်းတဲ့အခါ ချည်းကပ်လမ်းကနေ စပြီး ပြိုကျသွားတာပါ “လို့ ကားသမားတယောက်က ပြောပါတယ်။

မနေ့က ညနေပိုင်းမှာ မုံရွာကနေ ဟုမ္မလင်းမြို့နယ် နမ့်တောရွာဘက်ကို ပို့ဆောင်မယ့် စက်သုံးဆီ ပေပါတွေတင်ဆောင်လာတဲ့ ၁၂ ဘီးကား ၁ စီး က အဲ့ဒီ တံတားညီနောင်တံတားကို ဖြတ်သန်းနေတဲ့အချိန် ကျိုးကျပျက်စီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် မော်လိုက်-ကလေးဝလမ်းမှာ လက်တလော ယာဥ်တွေသွားလာလို့ မရသေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကလည်း ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ နန်းမော်ကယ်ကျေးရွာအနီး ကလေးဝ မော်လိုက်ကားလမ်းမှာ တံတား ၁ စင်းကျိုးကျနေတာကြောင့် သွားလာမရဘဲ ယာဥ်ပိတ်ဆို့ခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းကလည်း အဲ့ဒီ မော်လိုက်-ကလေးဝ ကားလမ်းမှာ သံဘေလီပျဥ်ခင်းတံတား ၁ စင်းဟာ ကုန်တင်ကားဖြတ်မောင်းနေတဲ့အချိန် ကျိုးကျပျက်စီးခဲ့ပါသေးတယ်။

အဲ့ဒါကြောင့် မော်လိုက်-ကလေးဝ ကားလမ်းက တံတားတွေကို ဖြတ်သန်းသွားလာမယ့် ယာဥ်တွေအနေနဲ့ မဖြတ်သန်းမီ တံတားခံနိုင်ဝန်နဲ့ ​တံတားကြံ့ခိုင်ရေး အခြေအနေကို ဦးစွာစစ်ဆေးပြီးမှ ဖြတ်သန်းကြဖို့ လမ်းတံတားအဖွဲ့က အကြံပြုထားတယ်လို့လည်း သိရပါတယ်။

မော်လိုက်-ကလေးဝလမ်းသွားမယ့် ယာဥ်တွေအနေနဲ့ လမ်းကြောင်းအခြေအနေကို နီးစပ်ရာမှာ မေးမြန်းပြီးမှ သွားလာကြဖို့ကိုလည်း ကားသမားတွေက အကြံပြုပြောထားပါသေးတယ်။

Photo-ကားသမားတယောက်
#voiceofmyanmar #VOM #ကလေးဝ

Related posts

Leave a Comment

VOM News

FREE
VIEW