ရန်ကုန်က မြို့နယ်အချို့မှာ ပစ်ခတ်မှုနဲ့ပေါက်ကွဲမှုဖြစ်ပြီး အရန်မီးသတ်တပ်ခွဲမှူး အပါအဝင် ၇ဦးဒဏ်ရာရ

သြဂုတ် ၁၂၊၂၀၂၂
KK(VOM)

ရန်ကုန်တိုင်း၊ အင်းစိန်၊ ရွှေပြည်သာမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် အရန်မီးသတ်တပ်ခွဲမှူး အပါအဝင် ၇ဦးဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန် (၃) ၊မြတ်ဧရာလမ်းသွယ် (၂)က နေအိမ်မှာ ဒီကနေ့မနက်ပိုင်းက အရန်မီးသတ်တပ်ခွဲမှူးနဲ့သူငယ်ချင်းဖြစ်သူတို့ ကားပြင်နေစဥ် အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကားဘီးပေါက်လို့ ကားဘီးလဲနေတုန်း သေနတ်နဲ့လာပစ်သွားတာ နှစ်ယောက်စလုံးဒဏ်ရာရသွားတယ်၊ တပ်ခွဲမှူးကဒဏ်ရာပြင်းထန်တယ်၊ နောက်တစ်ယောက်က ပေါင်ကိုပဲထိတာ”လို့ ပြောပါတယ်။

ပစ်ခတ်ခံရသူဟာ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက် အရန်မီးသတ်တပ်ခွဲမှူး ကိုလှိုင်မင်းထွန်းဆိုသူနဲ့ ကိုခင်မောင်ငြိမ်းဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အဲ့ဒီအရန်မီးသတ်တပ်ခွဲမှူးဟာ သေဆုံးသွားပြီဖြစ်တယ်လို့ မီးသတ်အသိုင်းအဝိုင်းရဲ့ လူမှုကွန်ရက်စာမျက်နှာအချို့မှာ ရေးသားထားတာကို တွေ့ရပေမယ့် VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

မနေ့ညကလည်း ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်နဲ့ ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့လို့ ရပ်မိရပ်ဖတစ်ဦးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒါ့အပြင် မြောက်ဒဂုံမြို့နယ်၊ ၂၄ရပ်ကွက်၊ သခင်အုန်းဖေကြီးလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးကို မနေ့ဩဂုတ် (၁၁)ရက် ညနေပိုင်းက ဗုံးနဲ့လာပစ်ခဲ့လို့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ သြဂုတ် ၁ ရက်မှ ၁၂ ရက်နေ့အထိ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ(၁၀)ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၈)ဦးရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW