ကိုဝေမိုးနိုင် ၅၀၅အမှု ၅ မှုအတွက် ထောင် ၁၀ နှစ်ချခံရ

သြဂုတ် ၊ ၁၃ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်မှာ ဖမ်းဆီးခံထားရပြီး အမှုပေါင်း ၁ ဒါဇင်နီးပါးကို ရင်ဆိုင်နေရတဲ့ မုံရွာသပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင်ကို မနေ့ သြဂုတ် ၁၂ ရက်မှာ ၅၀၅ အမှု ၅ မှုအတွက် မုံရွာ ထောင်တွင်းအထူးတရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ် စတင်ချလိုက်ပြီလို့ မုံရွာ ရှေ့နေ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ကိုဝေမိုးနိုင်ကို စွပ်စွဲထားတဲ့ အမှုတွေထဲက ၅၀၅ အမှု ၅ ခုအတွက် ၊ ၁ မှုကို ထောင်ဒဏ် ၂ နှစ်နူန်းနဲ့ ၅ မှုစာအတွက် ထောင်ဒဏ် ၁၀ နှစ် ချလိုက်တာဖြစ်တယ် ၊ အမှုတွေအတွက်လည်း ဆက်လက်ပြီး တရားရင်ဆိုင်ရဦးမှာပါ “လို့ မုံရွာအခြေစိုက် တရားလွှတ်တော်ရှေ့နေတယောက်က ပြောပါတယ်။

ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့၂၀၂၁ ၊ ဧပြီ ၁၅ ရက် ညနေပိုင်းမှာ မုံရွာမြို့၊ သာစည်လမ်း ၊ ရွှေယင်းမာ သီလရှင် ကျောင်းတိုက် ဆိုင်းဘုတ်နားမှာ ဆန္ဒပြနေတဲ့အချိန် ကားနဲ့တိုက်ကာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အဲ့ဒီနောက် သက်ဆိုင်ရာက ကိုဝေမိုးနိုင်အပေါ် ပုဒ်မ ၁၀ မျိုးနဲ့ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

ကိုဝေမိုးနိုင်အပေါ် အမှုဖွင့်ထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်ပြီး ရဲစခန်းအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ မုံရွာမြို့ခံ တရားလွှတ်တော်ရှေ့နေတဦးက” ပြီးခဲ့တဲနှစ် ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်ကစတင်လို့ လူထုဆန့်ကျင်ရေး အထွေထွေသပိတ်စစ်ကြောင်းကို မုံရွာမြို့ ဘုန်းစိုးရပ်ကွက် သာစည်လမ်းနဲ့ နေဇာလမ်းဆုံ သာစည်းစျေးအနီးမှာ ကိုဝေမိုးနိုင် ဦးဆောင်ပြီး ဆန္ဒပြခဲ့တဲ့အတွက် သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေ ၂၅ အရ ကိုဝေမိုးနိုင်အပေါ် အမှုဖွင့်အရေးယူခဲ့တာဖြစ်တယ်”လို့ပြောပါတယ်။

ဒါ့အပြင် ရက်ပေါင်း ၆၈ ရက်ကြာ ဆန္ဒပြကာလအတွင်း ရတနာပုံရပ်ကွက် အမှတ် ၇ လမ်းမှာ အိမ်ငှားနဲ့ နေထိုင်တဲ့ ကိုနေလမိုး ဆိုသူကို(ဒလန်) လို့ဆိုကာ သပိတ်စစ်ကြောင်းအဖွဲ့က ဖမ်းဆီးပြီး ဘုန်းစိုးရပ်ကွက်ထဲက ဘုန်းကြီးကျောင်း တကျောင်းထဲမှာ ချုပ်နှောင်ကာ ရိုက်နှက်တာ ၊ မျက်နှာမှာ တက်တူးထိုးတာ ၊ လက်ကိုင်ဖုန်းနဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းတာအပြင် ကိုနေလမိုးရဲ့ မိသားစုကို နယ်နှင်ဒဏ်ပေးခဲ့တဲ့ ဖြစ်စဥ်လုပ်ရပ်တွေအပေါ် သပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင်က ပါဝင် ပတ်သက်ခဲ့တယ်ဆိုပြီး ကိုဝေမိုးနိုင်အပေါ် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၅ ဓားပြမှု ၊ ၃၄၂ တဦးတယောက်ကို မတရားချုပ်နှောင်ထားမှု ၊ ၃၂၅ အပြင်းအထန် နာကျင်စေရန် သိလျက်နှင့်ပြုခြင်း ၊ ၁၁၄ အားပေးကူညီခြင်း စတာတွေနဲ့ အရေးယူခဲ့ပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့နှစ် ၂၀၂၁ မတ်လ ၂၅ ရက်ညပိုင်းက မုံရွာခရိုင်ရဲတပ်ဖွဲ့ရုံးမှာ တွဲဘက် တာဝန်ထမ်းဆောင်နေတဲ့ ပုလဲမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် တယောက်နဲ့ ခင်ဦးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် တယောက်ကို မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်မှာရှိတဲ့ ၊ ဆားကျင်းသုဿန်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကိုဝေမိုးနိုင်ဟာ ဦးဆောင်ပါဝင်ခဲ့တယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ လူသတ်မှု ၊ ၁၁၄ အားပေးကူညီ မှုတို့နဲ့ အမှုဖွင့် အရေးယူခဲ့တာဖြစ်တယ်။

ဒါ့အပြင် CRPH နဲ့ NUG အဖွဲ့က ဒေါက်တာ ဇော်ဝေစိုး ၊ ဒေါ်ဇင်မာအောင်နဲ့ ချိတ်ဆက်ပြီး မုံရွာမှာ လူထုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ – က အရ အရေးယူခဲ့ပြီး မုံရွာဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ လူငယ်တချို့ကို ဖောက်ခွဲရေး သင်တန်းတွေတက်ရောက် သင်ကြားနိုင်ဖို့ တောတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ချိတ်ဆက်စေလွှတ်ပေးခဲ့တဲ့အတွက် ပုဒ်မ ၁၇(၁) ၊ ၁၂၄ ၊ ၅၁၁ အရ အမှုဖွင့် အရေးယူခံထားရတာလည်း ဖြစ်တယ် ” လို့ ​သိရပါတယ်။

အဲ့ဒီ ပုဒ်မတွေနဲ့ ပတ်သက်ပြီး ကိုဝေမိုးနိုင်နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ လူ ၂ ဒါဇင်ကျော်ကိုလည်း ဖမ်းဝရမ်းထုတ်ကြေညာထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကိုဝေမိုးနိုင် #ထောင်၁၀နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW