စစ်ကိုင်းတိုင်းမှာ ၁ လအတွင်း လူသတ်ပြီး လုယက်တာများလာ

သြဂုတ် ၊ ၁၃ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်းထဲက ရွှေဘို ၊စစ်ကိုင်း နဲ့ မုံရွာမြို့နယ်တွေမှာ လူသတ်လုယက်မှုတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဒီကနေ့ သြဂုတ် ၁၃ ရက်အထိ လူသတ် လုယက်မှု ၇ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” လူသတ် လုယက်ခံရတဲ့သူတွေထဲမှာ ဝန်ထမ်းတွေ ၊ ပင်စင်စားတွေအပြင် ကုန်သည်တချို့ ပါဝင်နေတယ် ၊ မနေ့ သြဂုတ် ၁၂ ရက်မနက်ပိုင်းက စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့ ၊ ကျားမင်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းက အလယ်တန်းပြ ကျောင်းဆရာ ဦးဝင်းဆန်းဦး ဆိုသူဟာ ကျောင်းတက်ဖို့အတွက် ထန်းဖူးတောရွာကနေ ကျောင်းကိုအလာ အမည်မသိ လူ ၆ ယောက်က ဆိုင်ကယ် ၃ စီးနဲ့လိုက်လာပြီး ၊ ကျောင်းနားအရောက်မှာ ပစ်သတ်ခံရတယ် ၊ နောက်ပြီး ကျောင်းဆရာရဲ့ ဆိုင်ကယ်ကို လုယူသွားတယ် ” လို့ ဆာတောင်မြို့ခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၁၀ ရက် မနက် ၄ နာရီက စစ်ကိုင်းမြို့နယ် ၊ ချိုင်ကြီးကျေးရွာမှာနေတဲ့ ဦးသန်းအေး ၊ သူ့ရဲ့ချွေးမဖြစ်သူ ဒေါ်ခင်စန်းစန်းဌေး ၊ သူ့ရဲ့သမီး မဝတ်မှုံဖူး တို့ ၃ ယောက်ဟာ အသတ်ခံရပြီး အိမ်တွင်းက အဖိုးတန် ရွှေထည်ပစ္စည်းနဲ့ ပိုက်ဆံတွေ
ကို လုယူသွားတာ ဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် ဝါဆိုလပြည့်နေ့က စစ်ကိုင်းမြို့ ၊ ပတ္တမြားရပ်ကွက် ၊ ပတ္တမြားစက်မှုဇုန် ၊ NTT သစ်ပါးလွှာထပ်သားစက်ရုံက အမျိုးသား ဝန်ထမ်းတယောက်ဟာ စစ်ကိုင်းမြို့၊ စည်တီးရပ်ကွက်မှာရှိတဲ့ ရာဇမဏိစူဠာ ကောင်းမူတော်ဘုရားက အပြန် လမ်းမှာ လူသတ်ပြီး ဖုန်းလုခံရတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းမြို့နယ်မှာ အခု ၁ လအတွင်း လူသတ် လူယက် ၃ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ၅ ဦးရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းက ရွှေဘိုမြို့နယ် ၊ တက်တူကျေးရွာနေ ထွေအုပ်စာရေး အငြိမ်းစား ဦးကျော်အေး ဆိုသူဟာ ပင်စင်လစာထုတ်ပြီး ရွာပြန်အလာ လမ်းမှာ အသတ်ခံရပြီး ပင်စင်လစာငွေတွေ လုယက်ခံရတာ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက် ၊ ည ၉ နာရီက ရွှေဘိုမြို့ ၊ အမှတ် ၆ ရပ်ကွက်နေ ဒေါ်ဥမ္မာဝင် ၅၀ နှစ်ဆိုသူဟာ နေအိမ်မှာ တယောက်တည်းရှိနေချိန် လူ ၃ ဦးဝင်ရောက်လာပြီး အိမ်ရှင် ဒေါ်ဥမ္မာဝင်းကိုသတ်ကာ မတ်ခ်တူး ကား ၁ စီး ၊ ဖုန်း ၃ လုံး နဲ့ ပိုက်ဆံ ၁ လုံး လုယူခံရတာဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မုံရွာမြို့နယ် ၊ ကူတော့ပလ္လင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက အိမ်ရှင်လင်မယား ၂ ယောက်ဖြစ်တဲ့ ဦးခင်မောင်လွင် ၅ဝ နှစ်နဲ့ သူ့မိန်းမ ဒေါ်ဥမ္မာလွင် ၄၅ နှစ် တို့ကို ဓားပြတွေက ပစ်သတ်ပြီး နေအိမ်ထဲက ပိုက်ဆံ သိန်း ၄၀ ကျော်ကို လုယက်သွားတဲ့ လူသတ် ဓားပြမှုဖြစ်ပွားခဲ့ပါတယ်။

ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ ပင့်တင်ကျေးရွာနဲ့ နန့်မကျိုင်ကျေးရွာအကြား ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက် ညနေပိုင်းက စက်သုံးဆီသယ်ဆောင်လာတဲ့ ဘောက်ဆာကား နောက်တွဲယာဥ် ၁ စီး ကို ပစ်ခတ် လုယူခဲ့လို့ ကားသမား (ယာဥ်မောင်း) ဦးဇင်ကိုကိုလတ် ခေါ် အမောင်ကတော့ ကျည်ဆံထိမှန် သေဆုံးသွားတယ် ၊ ကားစပယ်ယာ ယာဥ်နောက်လိုက် ကိုဇော်မြင့်ထွန်း ခေါ် စပလိန်ကတော့ ပျောက်နေတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းထဲမှာ ၁ လအတွင်း လူသတ် လုယက်မှု ၉ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ၁၀ ဦးရှိခဲ့ပြီး ၊ အဲ့ဒီ လူသတ်လုယက်မှုတွေကို သက်ဆိုင်ရာ ရဲစခန်းတွေက အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #လူသတ်လုယက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW