ဟားခါးမြို့နားက တိုက်ပွဲတွေကြောင့် အရပ်သားတချို့ ဒဏ်ရာရ သေဆုံးတာတွေရှိနေ

သြဂုတ် ၊ ၁၃ ၊ ၂၀၂၂
SP(VOM)

ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့နားမှာ မနေ့ သြဂုတ် ၁၂ ရက် ၊ မနက်ပိုင်းက ဒေသခံ CDF အဖွဲ့နဲ့ စစ်တပ်ရဲ့ တိုက်ပွဲက လက်နက်ကြီးကျည်နဲ့ ကျည်ဆံတွေဟာ အရပ်သား ပြည်သူတချို့ကို ထိမှန်တဲ့အတွက် ဒဏ်ရာရတာနဲ့ လူသေဆုံးတာတွေ ရှိခဲ့တယ်လို့ ဟားခါးမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၈ နာရီလောက်မှာ ၊ ဟားခါးမြို့အထွက် ၄ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်တယ် ၊ ဟားခါးကနေ ဂန့်ဂေါဘက်ကို မောင်းလာတဲ့ အရပ်သား ခရီးသွား အိမ်စီးကား ၁ စီး ပစ်ခံရတယ် ၊ ကားပေါ်မှာပါလာတဲ့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၊ အမျိုးသား ၂ ဦး ဒဏ်ရာရတယ် ” လို့ ဒေသခံ လူမှုကူညီရေး ပရဟိတသမား တယောက်က ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ အရပ်ကားပေါ် လိုက်ပါလာတဲ့ ဖလမ်းမြို့နယ် ၊ ရာလ်လန်ကျေးရွာ(Ral lang) ကျေးရွာနေ ကလေးတစ်ယောက်မိခင်ဖြစ်သူ ဒေါ် ရှန်နှဲမ်ကျဲရ် (၂၂) နှစ်ဟာ ဦးခေါင်းပိုင်း ကျည်ဆံထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူနဲ့အတူ လိုက်လာတဲ့ ဆလိုင်း ကပ်သင်ဟရဲ ဆိုသူဟာ ပေါင်မှာ ကျည်ဆံထိမှန် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ၊ သေဆုံးသူ ဒေါ် ရှန်နှဲမ်ကျဲရ်ရဲ့ ယောင်္ကျား ဖြစ်သူ ဆလိုင်း ပေါလ်လျန်ဟာ နောက်ကျောမှာ ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

.” ပစ်ခံရတဲ့အချိန်မှာ ကျွန်တော်တို့ နောက်က ခရီးသည်တင် လိုင်းကားတွေလည်း ကပ်ပါလာတယ် ၊ အရပ်ကားတွေဆိုတော့ ပစ်မယ် မထင်ဘူး ၊ ၄ မိုင်အရောက်မှာ ပစ်ခံရတယ် ၊ ပစ်ပြီဆိုပြီး ကားထဲမှာ ခေါင်းငုံ့ အဝပ်လိုက်မှာ ဒေါ် ရှန်နှဲမ်ကျဲရ်ရဲ့ ခေါင်းကို ကျည်ဖောက်ဝင် သေသွားတယ် ၊ တိုက်ပွဲဖြစ်နေတာဆိုတော့ ဘယ်အဖွဲ့က လာတဲ့ကျည်ဆိုတာ ခန့်မှန်းလို့ မရဘူး ” လို့ ဒဏ်ရာရ လူနာတယောက်က ပြောပါတယ်။

ဒါ့အပြင် အခုလ ၁၁ ရက် မနက် အစောပိုင်း ၈ နာရီဝန်းကျင်ကလည်း ဟားခါးမြို့နားမှာ ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်ပွားပြီး လက်နက်ကြီးကျည်တွေ လူနေအိမ်တွေပေါ်ကျရောက် ပေါက်ကွဲတာကြောင့် ဒဏ်ရာရ သေဆုံးတာတွေဖြစ်ခဲ့တယ်လို့ ​ဟားခါးမြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား ပြည်သူတွေ ထိမှန် သေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ဒေသခံတယောက်က

” မနက် ၈ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ဟားခါးမြို့နားက နှီယာလောန်‌ကျေးရွာပေါ်ကို လက်နက်ကြီးကျည်တွေ ၂ ကြိမ်ကျရောက်ပေါက်ကွဲတယ် ၊ ပထမ လက်နက်ကြီးကျည်က ဒေါ်ချာနှဲမ်ရဲ့ အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒါကြောင့် ထမင်းချက်နေတဲ့ ဒေါ်ချာနှဲမ် အသက် ၅၅ နှစ်ကို ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတာ ” လို့ ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည်တွေဟာ ဟားခါးဘက်အထွက် အမှတ် ၁ ရပ်ကွက်ထဲက လူနေအိမ်တချို့ပေါ် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသား ၁ ဦးရဲ့ လက်မောင်းထိမှန် ဒဏ်ရာရတာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် နှီယာလောန်‌ကျေးရွာက လူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ အောက်တိုဘာကနေ ဒီနှစ် သြဂုတ် ၁၂ ရက်အထိ စစ်ရေး ပဋိပက္ခကြားမှာ သေဆုံးရတဲ့ အရပ်သား ပြည်သူ ၂ ဒါဇင်နီးပါးရှိတယ်လို့လည်း ချင်းပြည်နယ် နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဟားခါး #ချင်ပြည်နယ်တိုက်ပွဲ #CDF

Related posts

Leave a Comment

VOM News

FREE
VIEW