ဧရာဝတီ-ရန်ကုန် ပြေးဆွဲနေတဲ့အဝေးပြေးကားတွေ ယာဉ်စီးခ ထက်ဝက်တက်လာလို့ ဒေသခံတွေ အခက်တွေ့

သြဂုတ် ၁၃ ၊၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့ကို ပြေးဆွဲနေတဲ့ အဝေးပြေးမော်တော်ယာဉ်စီးခနှုန်းတွေ အရင်ကထက် ထက်ဝက်ခန့်မြင့်တက်သွားလို့ခရီးသွားဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဒေသခံခရီးသွား ပြည်သူတွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့ကိုပြေးဆွဲနေတဲ့အဝေးပြေးမော်တော်ယာဉ်တွေဟာ အရင်ကလူတဦးကို ငွေကျပ် ၆၀၀၀၊ ၇၀၀၀ အထိသာ ရှိခဲ့တာဖြစ်ပေမယ့် လက်ရှိမှာ လူတဦးကို ငွေကျပ် ၁၅၀၀၀ အထိမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

”ကားဈေးတွေက အရင်ကလူတယောက်ကို ငွေကျပ် ၅၀၀၀ ဈေးတက်လည်း ၇၀၀၀ သာရှိခဲ့တာပါ၊အဝေးပြေးကားဖြစ်လို့ ကုန်ပစ္စည်းလည်းတင်လို့ရတယ်၊အများကြီးတော့မဟုတ်ပေမယ့်၊အခုတော့ လူတယောက်ကို ငွေကျပ် ၁၅၀၀၀ အထိဈေးတက်လာ တယ်၊ရန်ကုန်ကို အသွားအပြန် ၃၀၀၀၀ ရှိမှ သွားလို့ရတော့မယ်၊ဒါ့အပြင် ကားပေါ်ကိုကုန်ပစ္စည်းလေး တင်ချင်တော့လည်းမရဘူး အတင်မခံဘူး တောင်းပန်ပြောတယ်၊တန်ဆာခပေးပါ့မယ်ဆိုတာတောင် မရတော့ဘူး။”လို့ မော်လမြိုင်ကျွန်းမြို့ခံ ခရီးသွားတဦးကပြောပါတယ်။

အခုလိုအဝေးပြေးမော်တော်ယာဉ်တွေရုတ်တရက် ယာဉ်စီးခနှုန်းထားတွေ ထက်ဝက်ခန့်မြင့်တက်လာ ခြင်းဟာ လူလိုက်ပါစီးနင်းမှုနည်းပြီး စက်သုံးဆီဈေးမြင့်တက်နေခြင်းကြောင့်ဖြစ်တယ်လို့ မော်တော်ယာဉ်လုပ်ငန်းရှင်တွေရဲ့ပြောပြချက်အရသိရပါတယ်။

”ဒေသကနေ ရန်ကုန်မြို့ကိုအရင်က ဆီဘယ် လောက်မှမကုန်ပါဘူး၊ ဆီဈေးကလည်း ဘာရှိလို့လည်း အဆင်ပြေတယ်ပေါ့ဗျာ၊လက်ရှိတော့ အသွားအပြန် ၃ သိန်းဖိုးလောက်ကုန်နေပါတယ်၊ဒါ့ကြောင့် ယာဉ်စီးခဈေးနှုန်းကလည်းပြောင်းလဲလိုက်ရတာပါ၊ အရင်က ခေတ်ကာလကောင်းတော့ ရန်ကုန်မှာ မိသားစုတွေသားသမီးတွေ အလုပ်သွားလုပ်ကြလို့ လကုန်ရက်ဆို ခရီးသွားတွေက တော်တော်ကိုများတာ၊အခုကတော့ လကုန်ရက်လည်း လူစီးနင်းမှုနည်းတယ်၊ လမကုန်တဲ့ သာမာန်ရက်ကပိုဆိုးနေတယ်၊အချို့ကိုယ့်ပိုင်ယာဉ်အချို့ဆို ရပ်ပစ်ဖို့တောင်လုပ်လာတာတွေ့ရတယ်။”လို့ မအူပင်-ဘိုကလေး-ရန်ကုန်ပုဂ္ဂလိကမော်တော်ယာဉ်များပြေးဆွဲရေးလုပ်ငန်းလုပ်ကိုင်သူတဦးကပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ မအူပင် ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ စတဲ့မြို့နယ်တွေကနေ ရန်ကုန်ကိုပြေးဆွဲနေတဲ့အဝေးပြေးယာဉ်တွေရဲ့ယာဉ်စီးခ
နှုန်းထားတွေဈေးတက်နေတာလို့သိရပြီး အဲ့ဒီမြို့တွေ အားလုံးကနေရန်ကုန်မြို့ကိုပေးဆွဲနေတဲ့မော်တော်ယာဉ် အစီးရေ ၆၀ ကျော်ရှိတယ်လို့ပုဂ္ဂလိကမော်တော် ယာဉ်များပြေးဆွဲရေးအဖွဲ့ရဲ့ စာရင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာ၀တီတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW