ရေစင်ရေမန်းတော်ကြီး သောက်ရေသန့်ဟာ သောက်သုံးဖို့မသင့်တာကြောင့် ရောင်းချနေရင် အရေးယူမယ်လို့ FDA အသိပေး

ဩဂုတ် ၁၅-၂၀၂၂
VOM (GG)

တရားမဝင် ထုတ်လုပ်ရောင်းချခဲ့တဲ့ ရေစင်ရေမန်းတော်ကြီးသောက်ရေသန့်စက်ရုံနဲ့ရုံးချုပ်ကို ဝင်ရောက်ဖမ်းဆီးပြီး ၂ လအကြာမှာ သောက်သုံးဖို့မသင့်တဲ့ ရေသန့်ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က အသိပေးထုတ်ပြန်လိုက်ပါတယ်။

“ရေစင်ရေမန်းတော်ကြီး” အမှတ်တံဆိပ် သောက်ရေသန့်ဟာ ဓာတ်ခွဲစစ်ဆေးချက်အရ အဏုဇီဝနဲ့ ဓာတုသတ်မှတ်ချက် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် သောက်သုံးဖို့​မသင့်တဲ့ သောက်ရေသန့်ဖြစ်တယ်လို့ FDA ရဲ့ထုတ်ပြန်မှာ ပါရှိပါတယ်။

ဒါ့ကြောင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ဖို့နဲ့ တကယ်လို့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈(က)အရ အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။

” တံဆိပ်ဖြုတ်ပြီး တရားမဝင်ဖြန့်နေတာတွေရှိနေသေးတယ်လို့ ဈေးကွက်စောင့်ကြည့်တာဝန်ယူထားတဲ့ အသင်းသားတွေကပြောပါတယ် ၊ ရေသန့်ကို ​ထပ်မထုတ်ရလို့ပြောထားပါတယ်၊ ထပ်ထုတ်ရင်ဥပဒေအရ အရေးယူမယ်လို့ရေးထားတယ် “လို့ မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးရဲထွဋ်ကပြောပါတယ်။

ရေသန့်ကို အဘရှိန်ရဲ့ရေစင်ရေမန်းအဖြစ်ပြုပြင်ရောင်းချခဲ့တဲ့ စက်ရုံနဲ့ အာတီးယားလမ်းက ရုံးချုပ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့မှာ ရန်ကုန် FDA ၊မြို့နယ်စားသုံးသူရေးရာ၊စည်ပင် နဲ့ပြည်ထဲရေးဝန်ကြီးဌာနက ဝင်ရောက်ဖမ်းဆီး စစ်ဆေးခဲ့တာဖြစ်ပြီး ဖမ်းဆီးပြီး ၂ လအကြာမှာ FDA က အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေဆီကို ရေစင်ရေမန်းတော်ကြီးဆိုပြီးရောင်းချခဲ့တဲ့ရေသန့်ဟာ စျေးကွက်မှာ ရေသန့်၂၀လီတာ တဗူးကို ငွေကျပ် ၂၀၀၀၀ အထိရှိခဲ့တယ်ပြီး ၂၀၂၁ ခုနှစ် မေလက စတင် ဖြန့်ဖြူးရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ နောက်ထပ်လည်း FDA ခွင့်ပြုချက်မရှိဘဲ တရားမဝင် ထုတ်လုပ်ရောင်းချနေတဲ့ရေသန့်တွေရှိနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစစ်ဆေးပြီး သတင်းပေးတိုင်ကြားဖို့လိုအပ်တယ်လို့သိရပါတယ်။

နောက်ပြီး ရေသန့်ထုတ်လုပ်သူတွေအနေနဲ့ လည်းရေထဲမှာလူ့ခန္ဓာကိုယ်ကိုထိခိုက်စေမယ့် သတ္ထုဓါတ်၊အာဆင်းနစ်တွေ ထုံး၊သံ အစရှိတဲ့အရာတွေ ဘယ်လောက်ပါတယ်ဆိုတာကို သိရှိနိုင်ဖို့ FDAမှာသွားရောက်ဓါတ်ခွဲဖို့ အကြံပြုသင့်တယ်လို့ ဦးရဲထွဋ်ကအကြံပြုပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ရေစင်ရေမန်းတော်ကြီးသောက်သုံးရန်မသင့် #FDAကြေညာ

Related posts

Leave a Comment

VOM News

FREE
VIEW