ဩဂုတ် ၁၅-၂၀၂၂
VOM (GG)
ပြည်တွင်းရွှေစျေး ဒီနေ့ဩဂုတ် ၁၅ ရက်နေ့မှာ အခေါက်ရွှေ တကျပ်သားကို ၂၇ သိန်း စျေး ရှိနေပြီး အမေရိကန်ဒေါ်လာက အမြင့်ဆုံး တဒေါ်လာကို ၃၀၀၀ ကျော်အထိ စျေးကွက်ရှိနေတယ်လို့သိရပါတယ်။
ဒီနေ့ရဲ့ ၁၆ ပဲရည် အခေါက်ရွှေစျေးက ပြင်ပစျေးကွက်မှာ ၂၇၀၀၀၀၀ ဝန်းကျင် ရှိနေပြီး အမေရိကန်ဒေါ်လာက တဒေါ်လာကို ၂၉၅၀ ကနေ ၃၀၅၀ အထိ စျေးရှိနေကာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်ပြီး ဒေါ်လာစျေးကွက်ပျက်နေပြီလို့ ဒေါ်လာဝယ်ရောင်းလုပ်သူတွေကပြောပါတယ်။
” တနေ့က ၂၈ သိန်း ကျော်ထိတက်သွားတယ်။မနေ့ကတော့ ၂၆ သိန်းကျော်ထိပြန်ကျတယ်။ဒီနေ့ စျေးစဖွင့်တော့ ၂၆ သိန်းကျော်နဲ့စတယ်၊ အခု ၁ နာရီကျော်စျေး ၂၇ ပြန်ဖြစ်လာတယ်။ဒါကြောင့် တချို့ဆိုင်တွေဆို အခေါက်ရွှေ အရောင်းရပ်ထားကြတယ်။ ဆိုင်ကြီးတွေတောင်ပါတယ်၊ ဒေါ်လာကလည်း ၃၀၀၀ ကျော်တာက မနေ့ကတည်းကဖြစ်နေတာ။ ဒေါ်လာစျေးကွက်က ပျက်သလိုကိုဖြစ်နေပြီ ” လို့ ရွှေဆိုင်ပိုင်ရှင်တဦးကပြောပါတယ်။
YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ဒီနေ့သြဂုတ်လ ၁၅ ရက်နေ့ အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေးက တကျပ်သားကို 2091000 (ကျပ်သိန်း နှစ်ဆယ်ခြောက်သောင်းသုံးထာင်)သာရှိပြီး ကမ္ဘာ့ရွှေဈေးက(World Gold Price)1 Ounce- 1792 USD ဖြစ်ပါတယ်။
ရွှေစျေး အခုလိုမြင့်တက်လာတာနဲ့ပတ်သက်ပြီး YGEAကတာဝန်ရှိသူတဦးက “တချို့ဟာတွေကအပြင်မှာကိုယ်ကြိုက်သလိုရောင်းဝယ်သလိုဖြစ်နေတယ်။ကြမ်းဖျင်းစျေးပဲ သတ်မှတ်ပေးတာပေါ့။ ဆိုင်တွေက သွားရောင်းရင် အသင်းကသတ်မှတ်စျေးနဲ့ဝယ်တယ်။ပြန်ရောင်းရင်ကျတော့ သူတို့ကြိုက်တဲ့စျေးနဲ့ရောင်းတယ်။အဲ့ဒါက ဥပဒေနဲ့ဆိုင်သွားပြီ အသင်းကလုပ်လို့မရဘူး။ အားလုံးက ကုန်သယ်သဘောသဘာဝအရပေါ့၊ စျေးအနိမ့်နဲ့ဝယ်ထားတဲ့သူကလည်း စျေးအနိမ့်နဲ့ချမရောင်းတော့ဘူး ၊မားကက်တင်းပေါ့ “လို့ ပြောပါတယ်။
YGEA က သတ်မှတ်ထုတ်ပြန်နေတဲ့ ရွှေစျေး ရည်ညွန်းစျေးဟာ ဗဟိုဘဏ်ကသတ်မှတ်တဲ့ ဒေါ်လာ စျေးနဲ့တွက်ချက်တာဖြစ်ပြီး ရွှေဆိုင်တွေကတော့ ပြင်ပဒေါ်လာပေါက်စျေးပေါ်လိုက်ပြီး တွက်ချက်နေတာဖြစ်လို့ စျေးတွေ အဆမတန်ကွာဟနေတာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဗဟိုဘဏ်ရဲ့ သတ်မှတ်စျေးက အမေရိကန် တဒေါ်လာ ၂၁၀၀ ကျပ်သာဖြစ်ပြီး ဒေါ်လာနဲ့ပတ်သက်ပြီ ရောင်းခြင်း၊ဝယ်ခြင်း၊လဲလှယ်ခြင်းတွေ လုပ်မယ်ဆိုပါက ၀.၃ ဘောင်အတွင်းကနေသာ အတိုးအလျှော့ပြုလုပ်ဖို့ သတ်မှတ်ထားကာ မလိုက်နာရင်အရေးယူမယ်လို့ ဗဟိုဘဏ်က အသိထားပါတယ်။
” ဒီနေ့ စျေးက စဖွင့်ထဲက ၃၀၀၀ ဖြစ်နေတယ်၊ စျေးကို တနေ့တခြား တင်ပြီးရောင်းဝယ်နေတာ မလုပ်သင့်ပါဘူး။ ဒေါ်လာ လက်ထဲအများကြီးကိုင်ထားသူတွေကလည်း စျေးကိုလိုက်ကစားနေတယ်။ မဖြစ်မနေဒေါ်လာဝယ်ကိုဝယ်ရမယ့်သူတွေကလည်းရှိတော့စျေးကစားသူတွေအတွက် ပိုကောင်းနေတာပေါ့ ။၂၁၀၀ နဲ့သူတို့ဘဏ်မှာတောင်မရဘူး၊ စျေးကွက်ထိန်းချုပ်မရတော့ဘူး”လို့ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတဦးကပြောပါတယ်။
လက်ရှိ ပြင်ပဒေါ်လာစျေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်နေပြီး စျေးကွက်ပျက်နေကြောင်း၊ ဒေါ်လာကို မဖြစ်မနေဝယ်ယူဖို့လိုအပ်တဲ့ ကျောင်းလခသွင်းဖို့သူတွေ၊ စီးပွားရေးလုပ်သူ၊နိုင်ငံခြားထွက်မယ့်သူတွေ အဓိကဝယ်ယူမှုရှိနေတယ်လို့သိရပါတယ်။
#voiceofmyanmar #VOM #ယနေ့ရွှေစျေး #ဒေါ်လာစျေးအခြေအနေ