ဧရာဝတီတိုင်းမှာ စက်သုံးဆီဆိုင်တွေကို ဈေးတင်မရောင်းဖို့နဲ့ ဆိုင်ပိတ်ထားတာကို အရေးယူတော့မယ်ဆိုပြီး လိုက်စစ်နေ

သြဂုတ်၊ ၁၅ -၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းမှာ စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကို ဆီဆိုင်မပိတ်ဖို့၊ဈေးတင်မရောင်းဖို့နဲ့ အကန့်အသတ်နဲ့ မရောင်းဖို့ဆိုပြီး ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ သြဂုတ် ၁၅ ရက်ကစတင်ပြီး လိုက်လံစစ်‌ဆေးသတိပေးတာတွေလုပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဧရာဝတီတိုင်းထဲက ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ ၊ဖျာပုံ၊ ဝါးခယ်မ၊ သာပေါင်း ၊ မြောင်းမြ ၊ ကျုံပျော် ၊ မအူပင် စတဲ့ မြို့နယ်တွေမှာ စက်သုံးဆီတွေရောင်းချတာ မရပ်ဖို့ ၊ အကန့်အသတ်နဲ့ မရောင်းဖို့ ၊ ဈေးတင်မရောင်းဖို့ ၊ ဆီပြတ်တာမဖြစ်စေဖို့ အဲ့ဒီစစ်ဆေးတဲ့အချက်တွေကို ဖောက်ဖျက်တာတွေ့ရင် အပြစ်ပေးအရေးယူမယ်ဆိုပြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကသတိပေးနေတာလို့သိရပါတယ်။

”ရုတ်တရက် တစ်ခါမှ ရဲတွေစစ်သားတွေ လာမစစ်ဆေးဘူးတော့ လန့်သွားတာ၊ ဆီဈေးမကစားဖို့ ၊ မရောင်းဘဲမနေဖို့ ၊ အကန့်အသတ်နဲ့ မရောင်းဖို့ ၊ အဓိက လက်ရှိဖြစ်နေတဲ့ ဆီပြတ်လပ်နေတယ် ဆိုင်တွေပိတ်ရတယ်ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အရေးယူဖို့စစ်ဆေးတာလို့ပြောတယ်၊ စက်သုံးဆီ ရောင်းချတဲ့ဆိုင်တွေကိုပဲ သီးသန့်စစ်ဆေးတာပါ ၊ စက်သုံးဆီတွေမရောင်းတာ၊ ဈေးတက်ရောင်းတာ၊ အကန့်အသတ်နဲ့ရောင်းတာ ဆိုင်ပိတ်ထားတာတွေလုပ်ရင် ဖမ်းဆီးအရေးယူအပြစ်ပေးမယ်လို့ပြောသွားတာ။”လို့ ဝါးခယ်မမြို့ရှိ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကို လိုက်ပြီး စစ်ဆေးသတိပေးတာဟာ စက်သုံးဆီတွေကို မရောင်းဘဲ သိုလှောင်ထားတာနဲ့ ဈေးတင်ရောင်းတာ၊ ဆိုင်ပိတ်ထားတာ၊စက်သုံးဆီတွေဆီပြတ်လပ်နေတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းတွေဖြန့်နေတာနဲ့ပတ်သက်လို့ စစ်ဆေးအရေးယူဖို့သတိပေး စစ်ဆေးနေတာဖြစ်တယ်လို့ သက်ဆိုင်ရာကနေသိရပါတယ်။

”သက်သက်ဈေးကစားချင်လို့ နိုင်ငံဆူပူအောင် လုပ်ချင်လို့ ဆီတွေပြတ်လပ်နေတယ်လို့ လုပ်ဖို့ရည်ရွယ် ချက်ရှိရှိလုပ်လာလို့ သတိပေးစစ်ဆေးတာပါ၊စစ်ဆေးအသိပေးပြီးတဲ့နောက် ဖြစ်စဉ်တွေထပ်ရှိလာရင် အရေးယူ အပြစ်ပေးတာတွေလုပ်သွားမှာပါ၊ ဆီတွေတကယ်ပြတ်လပ်နေတာရှိရင်လည်း မိမိတို့ဒေသမှာ ရောင်းချနိုင်ဖို့ လိုအပ်သလို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်း ဆောင်ရွက်ဖို့ အသိပေးလို့တယ်။”လို့ စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

စစ်ဆေးသတိပေးတဲ့အဖွဲ့မှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊စည်ပင်သာယာရေးအဖွဲ့၊မီးသတ်တပ်ဖွဲ့၊ စစ်တပ်၊လူဝင်မှုကြီးကြပ်ရေးဌာန၊စားသုံးသူရေးရာဌာန၊ သစ်တောဦးစီးဌာနနဲ့မြို့နယ်အဆင့်တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကစစ်ဆေးသတိပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီ ဒီဇယ်နဲ့ဓာတ်ဆီတွေ ပြတ်လပ်မှုကြောင့် ဆီဆိုင် ၄၇ ဆိုင်အရောင်းရပ်ဆိုင်းထားလိုက်ရပြီဖြစ်တယ်လို့သိရပြီး သြဂုတ် ၇ ရက်ကနေ ဒီကနေ့ ၁၅ ရက်အထိ ဓာတ်ဆီ 92တလီတာ ၂၉၀၀ ကျပ်၊ဓာတ်ဆီ 95 တလီတာ ၃၀၅၀ ကျပ်၊ ဒီဇယ်တဂါလံ ၂၆၅၅၅ ကျပ်ဈေးပေါက်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာ၀တီတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW