ကုန်စျေးနှုန်းမြင့်တက်လာခြင်းကြောင့် ညနဲ့မနက် ထမင်းပေါင်းစားရတဲ့သူတွေ ရှိလာ

သြဂုတ် ၁၇-၂၀၂၂
KK(VOM)

ရန်ကုန်က မြို့နယ်အချို့မှာ ကုန်စျေးနှုန်းမြင့်တက်လာပြီး အလုပ်အကိုင်ရှားပါးမှုကြောင့် အခြေခံလူတန်းစားတွေဟာ ထမင်းကို မနက်နဲ့ညပေါင်းစားရတဲ့အထိ ဒုက္ခရောက်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆန်စျေး၊ဆီစျေးနဲ့စားသောက်ကုန်စျေးတွေတက်လာတာကြောင့် ကြုံရာကျပန်းလုပ်ကိုင်နေသူတွေဟာ နေ့စဥ်ထမင်းကို နပ်မှန်အောင်မစားရဘူးလို့ လှိိုင်သာယာမြို့နယ်နေသူတဦးက ပြောပါတယ်။

နေ့စဥ်အိမ်တစ်အိမ်မှာ မိသားစုထမင်းစားဖို့ လက်ထဲ ငွေတစ်သောင်းရှိမှ အဆင်ပြေပြီး အလုပ်အကိုင်အဆင်မပြေတဲ့ရက်ဆို မနက်နဲ့ညပေါင်းစားရတယ်လို့ တောင်ဒဂုံမှာ နေထိုင်သူတဦးကလည်း ပြောပါတယ်။

“ဆီစျေး ဆန်စျေးက ထမင်းဝအောင်စားဖို့မပြောနဲ့ မသေရုံတမယ်စားသောက်နေရတာ၊ ဆန်ကြမ်းတစ်ပြည် ၂ထောင်ကျော်၊ ဆီတစ်ဆယ်သား ၁ထောင်၊ ကြက်ဥတစ်လုံး ၂၅၀၊ ကန်စွန်းရွက်တစ်စီး ၃၀၀ အသားငါးစားဖို့မစဥ်းစားနဲ့ ထမင်းပုံမှန်စားရတာ အခုချိန်မှာ အာဂလူ ဖြစ်နေပြီ”လို့ သူကပြောပါတယ်။

ကုန်စျေးနှုန်းတက်ရုံသာမက နိူင်ငံရေးအခြေအနေကြောင့် ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကလည်း အလုပ်အကိုင်အခွင့်အလမ်းကို ဆုံးရှုံးစေတယ်လို့ မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်သူတဦးက ပြောပါတယ်။

“ပန်းရံလေး အပြတ်ရလို့ မိသားစုတွေသွားလုပ်တယ်၊ လုပ်တဲ့ရပ်ကွက်မှာ ဗုံးပေါက်လို့ ခဏနားလိုက်ရတယ်၊ စစ်တပ်ကလည်း စစ်လားဆေးလားလုပ်တယ်၊ ကိုယ်တွေက အခြားမြို့နယ်ကဆိုတော့ အိမ်ရှင်က သူရပ်ကွက်က လူကိုပဲ အလုပ်ပေးလိုက်တယ်”လို့ ကြုံတွေခဲ့ရတာကို သူကပြောပါတယ်။

ကုန်စျေးနှုန်းမြှင့်တက်လာတဲ့အပြင် စက်သုံးဆီစျေးအဆမတန်မြင့်တက်လာကြောင့်လည်း ဆိုင်ကယ် ကယ်ရီဆွဲပြီး အသက်မွေးနေသူတွေအဖို့ ဒုက္ခရောက်စေတယ်လို့ လှိုင်သာယာမြို့နယ်မှာနေသူတဦးက ပြောပါတယ်။

“ကယ်ရီဆွဲတယ်ဗျာ ဆီဆိုင်တွေက ဆီမရောင်းဘူး၊ အပြင်မှာဝယ်ရတော့ ဆီတစ်ဗူးကို ၂၅၀၀ ပေးရတယ်၊ ခရီးသည်တွေကလည်း အရင်ကထက် ပိုတောင်းရင် သိပ်မစီးကြဘူး၊ ဝယ်ထည့်တဲ့ ဆီကလည်း ခရီးသည်ပတ်ရှာတာနဲ့ ကုန်တာ၊ တခါတလေ ဆီဖိုးတောင်မရလို့ ရတဲ့ပိုက်ဆံလေးနဲ့ထမင်းဝယ်စားရတယ်”လို့ ပြောပါတယ်။

ဒီလိုအခက်အခဲတွေရှိလာလို့ ရန်ကုန်ရှိ မြို့နယ်အချို့က အခြေခံလူတန်းစားတွေဟာ ဘုန်းကြီးကျောင်းတွေက ထမင်းနဲ့ဟင်းတွေကို တောင်းယူစားသောက်နေကြရတာလည်း ရှိနေတယ်လို့ဒလမြို့နယ်နေသူတဦးက ပြောပါတယ်။

“ကျွန်မတို့ကို မြို့ထဲမှာ အလုပ်လုပ်တာ အဆင်မပြေတဲ့ နေ့ဆို လမ်းမတော် သရက်တောကျောင်းတိုက်က ထမင်းနဲ့ဟင်းကို ဘုန်းကြီးက နေ့တိုင်းလှူတယ်၊ အဲ့ဒီကယူလာပြီး ကလေးတွေကို ကျွေးတယ်”လို့ ပြောပါတယ်။

သက်ဆိုင်ရာက ဆန်နဲ့ဆီကို အခြေခံလူတန်းစားတွေ စားသောက်နိူင်ဖို့ သက်သာတဲ့စျေးနှုန်းနဲ့ ရောင်းချပေးနေတယ်လို့ ပြောဆိုနေပေမယ့် မြေပြင်မှာတော့ တကယ်ထိရောက်မှုမရှိဘူးလို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ဆန်ဝယ်မယ်ဆို ဆင်ခြေဖုံးရပ်ကွက်ကနေ ဝါးတန်းလမ်းကိုသွားရမှာလား ဆန်ကုန်သည်များအသင်းကို၊ နောက်တော့ ဆီတစ်ပိသာကို သုံးထောင်ကျော် လေးထောင်နဲ့ရောင်းတယ်ဆိုတာ မြို့နယ်တိုင်းက လူတွေအကုန်ရတာလား၊ ဘယ်နေ့ ဘယ်ရပ်ကွက် ရောင်းမယ်ဆိုတာ ကြေညာလို့လား၊ တကယ်လုပ်ချင်ရင် တပြေးညီ ကြေညာလိုက်လေ”လို့ သုံးသပ်ပြောဆိုပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ပြည်သူတွေဟာ စားဝတ်နေရေးပြဿနာနဲ့ရင်ဆိုင်နေရသလို တစ်ဖက်မှာလည်း လုယက်မှု၊ခိုးမှု၊ဓားပြတိုက်ခံရလို့ မလုံခြုံတဲ့ဘဝတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောဆ်ုနေကြပါတယ်။

Photo- ညပိုင်း ထမင်းစားဖို့ ဘုန်ကြီးကျောင်းက ထမင်းနဲ့ဟင်းတောင်းပြီး ပြန်လာတဲ့ကလေးငယ်တွေကို တွေ့ရစဥ်
#voiceofmyanmar #VOM #ကုန်စျေးနူန်းမြင့်တက်လာခြင်း #ပြည်သူတွေအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW