ရန်ကုန်မှာ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးနေပြီး နေအိမ်ရွှေ့ပြောင်းရတာနဲ့ ကျောင်းတွေယာယီပိတ်

သြဂုတ် ၁၇၊၂၀၂၂
KK(VOM)

ရန်ကုန်က မြို့နယ်အချို့မှာ ဒီကနေ့ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်တွေ ရွှေ့ပြောင်းရတာတွေနဲ့ ကျောင်းတွေ ယာယီပိတ်ထားတယ်လို့ အဆိုပါမြို့နယ်တွေဆီကနေ သိရပါတယ်။

ရွှေပေါက်ကံမြို့မှာ ဒီကနေ့ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်တွေရေဝင်ကာ စာသင်ကျောင်းအချို့ ယာယီပိတ်ထားရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အိမ်ထဲတွေလည်းရေဝင်တယ် ကျောင်းတွေမှာလည်း ရေဝင်တယ်၊ အိမ်ကသားက အလက ၁၀ မှာတက်တာ ဒီနေရေတက်နေလို့ ကျောင်းပိတ်လို့ပြန်လာရတယ်”လို့ ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေနဲ့လမ်းတွေပေါ်မှာ ရေတွေဝင်ရောက်ပြီး မီးသတ်တွေက ကူညီပြောင်းရွေ့ပေးနေရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အပိုင်း ၁၁နဲ့ ၁၇ မှာ ပိုဆိုးတယ်၊ အခု မီးသတ်တွေက ကူပြီးရွေ့ပေးနေတယ် ရေဘေးလွှတ်တဲ့နေရာတွေကို”လို့ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာလည်း အိမ်တွေနဲ့ကျောင်းတွေမှာ ရေဝင်ပြီး ကလေးတွေကျောင်းတက်ရာမှာ အခက်အခဲဖြစ်နေတယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။

“အလက ၉ မှာဆို စာသင်ကျောင်းအထဲထိ ရေတွေဝင်တာ၊ လမ်းတွေမှာလည်း ​ရေတွေပြည့်နေတယ် မိုးကလည်းအခုချိန်ထိ မတိတ်ဘူး”လို့ ပြောပါတယ်။

မိုးရွာသွန်းမှုကြောင့် ရေကြီးတာအပြင် ဒဂုံအရှေ့၊တိုက်ကြီး၊ကြည့်မြင်တိုင်၊လှိုင်၊ဒလမြို့နယ်တွေမှာ လေပြင်းတိုက်ခတ်လို့ သစ်ပင်ကြီးတွေ ပြိုလဲခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကနေ့ မိုးသည်းထန်စွာရွာသွန်းလို့ ရန်ကုန်မှာ မြောက်ဥက္ကလာပ၊ရွှေပေါက်ကံ၊တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ရွှေပြည်သာ စတဲ့မြို့နယ်တွေမှာ ရေတက်ရေလျှံမှုများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ မနက် ၇နာရီအချိန် တိုင်းထွာခန့်မှန်းချက်အရ ဒီကနေ့ ညနေပိုင်းအထိ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အနီးတဝိုက် နေရာကွက်ကြားမိုးထစ်ချုန်းရွာနိုင်ပြီး လာမယ့် နှစ်ရက်အတွက် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုမယ်လို့ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW