ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်က နဘားဂိတ် မိုင်းခွဲခံရပြီး ဝန်ထမ် ၅ ဦး ဖမ်းဆီးခံရ

သြဂုတ် ၊ ၁၇ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြိုနယ် ၊ နဘားကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်က နဘားဂိတ်ကို မနေ့ သြဂုတ် ၁၆ ရက် မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရပြီး အဲ့ဒီ ဂိတ်က ဝန်ထမ်းတချို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အင်းတော်မြို့ခံ ဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် တိုးလ်ဂိတ်ကို မိုင်းခွဲတယ် ၊ မီးရှို့ ဖျက်ဆီးလိုက်တာပါ ၊ အဲ့ဒီ ဂိတ်က ဝန်ထမ်း ၅ ယောက်လည်း ဖမ်းဆီးသွားတယ် ၊ ဘယ်အဖွဲ့ဆိုတာတော့ သေခြာမသိရဘူး”လို့ နဘားရွာမှာနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ မိုင်းခွဲမှုကြောင့် ဝန်ထမ်းနေအိမ်တွေနဲ့ ဂိတ်တဲ ၃ လုံး မီးလောင်ပျက်စီးသွားပြီး အဲ့ဒီနားက နေအိမ်တချို့လည်း မိုင်းစထိမှန် ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

နဘားစုပေါင်း စစ်ဆေးရေးဂိတ်ဟာ အင်းတော် ၊ ကသာ ၊ မြစ်ကြီးနား လမ်းဆုံနေရာဝန်းကျင်မှာရှိပြီး လုံခြုံရေးနဲ့ စစ်ဆေးရေးတွေ အလွန်တင်းကြပ်တဲ့ ဂိတ်ဖြစ်တယ်လို့လည်း ကားသမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ သြဂုတ်လကလည်း အဲ့ဒီ နဘား ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ကသာခရိုင် ယာဥ်ထိန်းတပ်ဖွဲ့စုမှူးရုံးက ယာဥ်ထိန်းရဲအရာရှိ ၁ ဦးအပါအဝင် ယာဥ်ထိန်း ၃ ယောက်ဟာ တာဝန်ချိန်ပြီးဆုံးလို့ ကသာမြို့ပေါ်ကို အပြန်လမ်းမှာ ပစ်ခတ်ခံရလို့ ယာဥ်ထိန်း ရဲ ၂ ဦး သေဆုံးတာလည်း ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ရွှေဘို-မြစ်ကြီးနားကားလမ်း အင်းတော်မြို့နယ် ၊ နတ်မဟုတ်တံတာဂိတ်မှာ တာဝန်ကျနေတဲ့ ဘီးခွန်ကောက် ဝန်ထမ်း ၄ ဦး အသတ်ခံရတာလည်း ဖြစ်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းအတွင်ရှိ မန္တလေး-မုံရွာလမ်းပိုင်းက မြင်းမူတိုးလ်ဂိတ် ၊ ချောင်းဦး-ရေစကြို-ပခုက္ကူ ဆင်ဖြူရှင်ကားလမ်းပိုင်းက ထွန်းညိုလူ တိုးလ်ဂိတ် ၊ မုံရွာ-ယာကြီး-ကလေးလမ်းပိုင်းက ဘန့်ဘွေးတိုးလ်ဂိတ် ၊ ဆားလင်းကြီးမြို့နယ် ၊ မုံရွာ-ပုသိမ်ကားလမ်းပိုင်းက မြတ်နိုင်းသူဂိတ် ၊ မုံရွာ-ဘုတလင်-ရေဦးလမ်းပိုင်းက ဇီးတောတိုးလ်ဂိတ်နဲ့ စိုင်ပြင်တိုးလ်ဂိတ် ၊ ရွှေဘို-မန္တလေးလမ်းပိုင်းက လှတော ရေထွက်တိုးလ်ဂိတ်တွေဟာ မိုင်းခွဲခံထားရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရွှေဘိုမြစ်ကြီးနားလမ်း #နဘားဂိတ်မိုင်းခွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW