ငွှေလွှဲငွေထုတ် လာလုပ်သူတွေကို လျှိုဝှက်ဓာတ်ပုံရိုက်ထားဖို့အပါအဝင် အချက်အလက်တွေရယူဖို့ ဗဟိုဘဏ်အသိပေး

ဩဂုတ် ၁၈-၂၀၂၂
VOM (GG)

မိုလ်ဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ငွေလွှဲ၊ငွေထုတ် လုပ်သူတွေကို လျှို့ဝှက်ပြီး ဓာတ်ပုံရိုက်ထားခြင်း ဒါမှမဟုတ် ဆိုင်မှာ CCTV တပ်ထားရမယ်လို့ ဗဟိုဘဏ်က မနေ့ ဩဂုတ်လ ၁၇ရက် နေ့စွဲနဲ့အသိပေးထုတ်ပြန်လိုက်ပါတယ်။

နောက်ပြီး ကိုယ်စားလှယ်ကနေ တဆင့် ငွေလွှဲ၊ငွေထုတ်ရာမှာ ဖုန်းနံပါတ်ထည့်သွင်းခြင်း၊ လျှို့ဝှက်နံပါတ်အသုံးပြုခြင်းအပြင် ငွေလွှဲပို့သူနဲ့ ငွေလက်ခံသူရဲ့အမည်၊ မှတ်ပုံတင်နံပါတ် ၊ မှတ်ပုံတင် အရှေ့အနောက်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့တဲ့ အကြောင်းအရင်းကို ကိုယ်စားလှယ်ကနေ အပြည့်အစုံရယူထားရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ငွေလွှဲသူရဲ့အချက်အလက်ပြည့်ပြည့်စုံစုံ ထည့်သွင်းရမှာဖြစ်ပြီး အချက်အလက်ပြည့်စုံခြင်းမရှိပါက ငွေလွှဲခြင်းလုပ်ငန်းစဉ်မပြီးမြောက်စေဖို့ Systemမှာ လိုအပ်တာကို အမြန်ဆုံးဆောင်ရွက်ကာ ပြီးစီးမှုကို တင်ပြ
ရမယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို စာထုတ်ပြန်တာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်တာဝန်ရှိသူတဦးကတော့ ” စာထုတ်တာ ဟုတ်ပါတယ်။ စာက ဒီကိုမရောက်သေးဘူး လိုင်းပေါ်အရင်တက်သွားတာပေါ့ “လို့ ပြောပါတယ် ။

ကိုယ်စားလှယ်အနေနဲ့လည်း ငွေထုတ်ပေးရာမှာ အချက်အလက်အပြင် ငွေထုတ်ယူသူရဲ့ ဖုန်း SMSမှ ငွေလွှဲပြေစာအမှတ် လျှို့ဝှက်နံပါတ်ကို တိုက်ဆိုင်စစ်ဆေးပြီး SMSလက်ခံရရှိတဲ့ မူရင်းဖုန်းနံပါတ်ပိုင်ရှင်ကိုသာ ငွေထုတ်ပေးရမယ်လို့လည်း ပါရှိပါတယ်။

” ပြောတာတော့ ဟုတ်နေတာပဲ CCTVတပ်ဖို့ကုန်ကျစရိတ်သူတို့ပေးမှာလား။ ဓာတ်ပုံခိုးရိုက်ရမယ်ဆိုတာကလည်း ပြောတော့လွယ်လိုက်တာ တကယ်လုပ်ဖို့က ခက်တယ်။ ငွေထုတ်တဲ့သူက မှတ်ပုံတင်လည်းပုံရိုက်ယူရမယ်ဆိုတော့ သူတို့ပြောသလိုသာ တကယ်လုပ်မှ ငွေလွှဲငွေထုတ်လုပ်ရမယ်ဆို ဘယ်သူမှကိုလာမှာမဟုတ်ဘူး။အခုတောင် ကိုယ်စားလှယ်တွေ ဒုက္ခရောက်နေတာပါ ” လို့ wave money ကိုယ်စားလှယ်တဦးကပြောပါတယ်။

ဒါ့အပြင် မိုလ်ဘိုင်းငွေကြေးစာရင်းကို ဘဏ်ငွေစာရင်းနဲ့ချိတ်ဆက်ဆောင်ရွက်ပါက ဘဏ်စာရင်းပိုင်ရှင်အမည်၊ ဘဏ်အမည်၊ ဘဏ်ငွေစာရင်းအမှတ်ကိုလည်း ထည့်သွင်းဖော်ပြရမယ်လို့ ရေးသားထားပါတယ်။

မိုလ်ဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊မိုလ်ဘိုင်းပေးလုပ်ငန်းဆောင်ရွက်နေတဲ့ဘဏ်တွေအနေနဲ့ မိုလ်ဘိုင်းငွေကြေးစာရင်းအသစ်ဖွင့်လှစ်ခြင်းကို အမည်၊မှတ်ပုံတင်အမှတ်၊ မှတ်ပုံတင် ရှေ့/နောက်ပုံ၊ ဖုန်းနံပါတ်၊ Face ID (Live Photo) စတဲ့ Know Your Customer (KYC)အချက်အလက်အပြည့်အစုံရယူပြီးမှသာဖွင့်လှစ်ပေးရမယ်လို့ သိရပါတယ်။

ကိုယ်စားလှယ်နဲ့မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာစည်း မျဉ်း၊ အခန်း ၅၊ အပိုဒ် ၁၇ (ဂ) အရ ဖွင့်လှစ်ထားတဲ့ Level 3 အကောင့် User တွေကို အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်နဲ့ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်ကိုလည်း ရယူထားရမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ချက်မှာရေးသားထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဗဟိုဘဏ်

Related posts

Leave a Comment

VOM News

FREE
VIEW