ပလက်၀မှာ ရေလမ်းကြောင်းပိတ်ထားလို့စားသောက်ကုန်နဲ့ စက်သုံးဆီတွေ ပြတ်လပ်နေ

သြဂုတ် ၊ ၁၈-၂၀၂၂
SP( VOM)

ချင်းပြည်နယ်တောင်ပိုင်း ၊ ရခိုင်ပြည်နယ် အစပ်က ပလက်ဝမြို့မှာ အခုလ ၁ ရက်ကစပြီး ဒီကနေ့အထိ ရေလမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် အခြေခံ စားသောက်ကုန်နဲ့ စက်သုံးဆီတွေ ပြတ်လပ်နေတာရက်ပေါင်း ၂၀ နီးပါးအထိရှိလာပြီဖြစ်တယ်လို့ ပလက်မြို့ခံတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးပတ်ကစလို့ AA နဲ့ စစ်တပ်အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတယ် ၊ အဲ့ဒါကြောင့် ရေလမ်းကြောင်းကို အခုလ ၁ ရက်ကနေ စပိတ်ထားတာ ဒီကနေ့အထိဖြစ်တယ် ၊ ရေလမ်းကြောင်း ပိတ်ထားတဲ့အတွက် ပလက်ဝမြို့ပေါ်မှာ စားသောက်ကုန်နဲ့ စက်သုံးဆီက ပြတ်နေပြီ ” လို့ ပလက်ဝမြို့ခံတယောက်က ပြောပါတယ်။

ပလက်ဝမြို့ပေါ်မှာ စားသုံးသူရေးရာဌာနက ဆန် ၁ အိတ်ကို ငွေကျပ် ၆ သောင်းအထက် ကျော်လွန် ရောင်းချတာ မပြုလုပ်ဖို့ ဒေသန္တရအမိန့်ထုတ်ပြန်ထားပေမယ့် လက်ရှိအခြေအနေမှာ ရေလမ်းကြောင်း ပိတ်ထားတဲ့အတွက် ဆန် ၂၄ ပြည် ၁ အိတ်ကို ကျပ် ၁ သိန်းဝန်းကျင် ၊ ကြက်ဥ ၃ လုံးကို ၁ ထောင် ၊ ဓာတ်ဆီ ၁ ဂါလံကို ကျပ် ၂ သောင်း ၈ ထောင်အထိ ရှိနေသလို ပစ္စည်းပြတ်လပ်မှုကြောင့် ဝယ်ယူလို့ မရဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

အခုလိုဖြစ်ပေါ်နေတာနဲ့ပတ်သက်လို့ ချင်းပြည်နယ်စားသုံးသူရေးရာဌာန တာဝန်ရှိသူတဦးက” ပလက်ဝ စက်သုံးဆီကိစ္စက အရင်ကလည်း တခြားဒေသတွေထက်စာရင် သယ်ယူပို့ဆောင်ရေး ဝေလံခေါင်သီဒေသဖြစ်တဲ့အတွက် စျေးနူန်းကွာဟတာရှိတယ် ၊ ဒီကနေ့ ပေါက်စျေးဟာ ရည်ညွှန်းစျေးထက် အဆမတန် ကွာဟနေတယ်ဆိုတာ ကြားရတော့ ပြန်လည်စီစစ်ပေးပါ့မယ် ” လို့ ပြောပါတယ်။

ပလက်ဝမြို့ဟာ ၊ မြို့မီးလင်းရေးအတွက် အင်ဂျင်စက်နဲ့ လျှပ်စစ်မီးပေးဝေရတာဖြစ်ပြီး စက်သုံးဆီ အဝင်မရှိတာကြောင့် လျှပ်စစ်မီးရရှိမှုဟာ တနေ့ကို ၂ နာရီဝန်းကျင်သာ ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့ဟာ ချင်းပြည်နယ် တောင်ပိုင်းမှာရှိပြီး မတူပီ ၊ မင်းတပ် ၊ ကန်ပလက် ၊ ပလက်ဝကားလမ်းရှိပေမယ့် အခုလို မိုးများတဲ့ ရာသီမှာ ကားတွေသွားမရတဲ့အတွက် ရခိုင်ပြည်နယ်ဘက်က ရေလမ်းကြောင်းကို အဓိကထား သွားလာနေရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပလက်၀

Related posts

Leave a Comment

VOM News

FREE
VIEW