ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် ဆိုင်ကယ် ကယ်ရီဆွဲသူတွေ ရပ်နားလာရ

သြဂုတ်၊ ၁၈-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းမှာ ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူတွေအများ ဆုံး သုံးတဲ့ ဓာတ်ဆီ ၁လီတာဈေးဟာ တနေ့တခြား မြင့်တက်လာပြီး လိုသလောက်ဝယ်မရတဲ့အခက်အခဲတွေ ရှိလာပြီး ဆိုင်ကယ်ကို လူစီးနင်းသူနည်းလာလို့ ကယ်ရီ ဆွဲတဲ့လုပ်ငန်းတွေ ရပ်နားလာရတယ်လို့ ဆိုင်ကယ် ကယ်ရီပြေးဆွဲတဲ့လုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းထဲမှာရှိတဲ့ အခြေခံလူတန်းစား အမျိုးသား အများစုဟာ ဆိုင်ကယ် ကယ်ရီဆွဲတဲ့လုပ်ငန်းကို အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြတာဖြစ်ပြီး လက်ရှိစက်သုံးဆီဈေးတွေ တက်လာတာနဲ့ ဆီဝယ်မရတာတွေကြောင့် ကယ်ရီဆွဲတဲ့ လုပ်ငန်း လုပ်ကိုင်သူ ပျှမ်းမျှ ဦးရေ ၁၂၀၀၀ ခန့်ဟာ လုပ်ငန်းရပ်နားနေရတာ ၂ ပတ်လောက်ရှိနေပြီလို့ ဒေသခံကယ်ရီဆွဲတဲ့လုပ်ငန်း လုပ်ကိုင်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

”အခု ဆီစျေးက အရမ်းတက်လာတော့ ကယ်ရီဆွဲရတာ အခက်အခဲတွေဖြစ်လာတယ်၊ အရင်ပုံမှန် စီးနေကျ ခရီးသည်တွေတောင် ဘတ်စ်ကား ပြောင်းစီးနေကြတာ
တွေ့ရတယ်၊ ကယ်ရီဆွဲရတာ တရက်နဲ့တရက် လုံးဝအဆင်မပြေတော့ဘူး အဓိက အကြောင်းအရင်းက စက်သုံးဆီဈေး ပြဿနာပါ ၊ အရင်က ၁၅၀၀ လောက်နဲ့ ပို့ပေးလို့ရတဲ့ ခရီးက အခု ၃၅၀၀ လောက် တောင်းမှအဆင်ပြေတော့တယ် ၊ အဲ့ဒီတော့ ခရီးသည်တွေက ဆိုင်ကယ်ကို မစီးကြတော့ဘူး ၊ ကယ်ရီမဆွဲရတာ ၂ ပတ်လောက်ရှိနေပြီ လုံးဝ လူမရလို့၊ လူမရဘဲ အိမ်အပြင်ထွက်ရင် ဆီဖိုးကကုန်သေးလို့ နားကိုနေရတာ စားဝတ်နေရေးကတော့ နောက်ရက်ဆို ငတ်မှာ သေချာတယ်”လို့ ဧရာဝတီတိုင်း၊ပုသိမ်မြို့က ဆိုင်ကယ် ကယ်ရီသမားတဦးကပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဆိုင်ကယ်စီးနင်းခွင့်ရှိပေမယ့် ကိုယ့်မြို့ကနေ တခြားမြို့ကို နယ်ကျော်ကယ်ရီသွားပို့ရင် ဖမ်းဆီးတာတွေရှိလို့ ကြောက်နေရတဲ့အပြင် လက်ရှိ ခရီးဝေးနဲ့ ခရီးတို ပို့တာတွေ တွက်ခြေမကိုက်တော့လို့ အဆင်မပြေတဲ့ကြားက ကယ်ရီဆွဲတာကိုရပ်နားလိုက်ရတာဖြစ်တယ်လို့ ဆိုင်ကယ်ကယ်ရီဆွဲတဲ့လုပ်ငန်း လုပ်ကိုင်သူတွေ ရဲ့ပြောပြချက်အရသိရပါတယ်။

”အရင်ကဆို ဆီ ၁လီတာကို ငါးရာလောက်ပဲ ရှိခဲ့တာ
အမြင့်ဆုံးဆိုမှ ၈၀၀ ပဲရှိတာ၊ အခုဟာက ၃၀၀၀ ကျော်ဖြစ်နေပြီ၊ အရင်က ဟိုနားဒီနား ၅၀၀၊ အရမ်းဝေးမှ ၁၅၀၀၊ ၂၀၀၀ လောက်ပဲရတာ။ ဆီဈေးအရမ်းတက်လာတော့ ဟိုနားဒီနား ၅၀၀ ဆို ကျွန်တော်တို့အတွက် လုံးဝမကိုက်ဘူး ၊ မကိုက်တော့ မလုပ်ဘဲကိုနေရတာ၊ ဆီဈေးတက်လို့ စီးခတက်တော့ မစီးကြတော့ဘူး”လို့ မအူပင်မြို့က ဆိုင်ကယ်ကယ်ရီဆွဲနေသူတဦးက ပြောပါတယ်။

ဒီနေ့ သြဂုတ်လ ၁၈ ရက်နေ့မှာ စက်သုံးဆီဆိုင်အများစုရဲ့ ပြင်ပပေါက်ဈေးဟာ ဓာတ်ဆီ 95 ၁လီတာကို ၃၅၀၀ ကျပ် ၊ ဓာတ်ဆီ 92 ၁လီတာကို ၃၀၈၀ ကျပ်စျေးနှုန်းများ ဖော်ပြထားပြီး၊အချို့ဆိုင်တွေမှာတော့ ဈေးနှုန်းအနည်းငယ်ကွာဟမှုရှိတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီတွေ လိုသလောက်ဝယ်မရ သေးတဲ့ အခက်အခဲနဲ့ ဆီဈေးတက်နေလို့ ရေလုပ်ငန်း၊
စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ထိခိုက်နေပြီး အသေးစား နဲ့ အလတ်စားလုပ်တွေ ၊မော်တော်ယာဉ်လုပ်ငန်းတွေကတော့ သြဂုတ်လ ပထမအပတ်ထဲက ရပ်နားတာတွေ ရှိလာတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #ဆီဈေးမြင့်တက် #ဆိုင်ကယ်ကယ်ရီရပ်နားလာရ

Related posts

Leave a Comment

VOM News

FREE
VIEW