မုံရွာ – မန္တလေး ကားလမ်းမှာ စစ်ကားတစီး မိုင်းထိပြီး ဗိုလ်မှူး ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ

သြဂုတ် ၊ ၁၉ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ချောင်းဦးမြောက်ရပ်ကွက် ၊ ပြည်သူအားကစားကွင်း အနီး ၊ မုံရွာ – မန္တလေး ကားလမ်းမှာ မနေ့ သြဂုတ် ၁၈ ရက် နေ့လည်ပိုင်းက စစ်ကား၁ စီး မိုင်းထိမှန်ပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ချောင်းဦးမြို့အဝင်ကို လုံခြုံရေးစောင့်ကြပ်နေတဲ့ Vigo Double Cub ခဲရောင်ကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရတာပါ ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် ၇၄၇ တပ်က ဗိုလ်မှူး အောင်ကိုမင်း ၊ တပ်သား ဇင်ပြည့်ဖြိုး ၊ ချောင်းဦး သန္ဓေမီးသတ်က ဒုတပ်ကြပ် ဟန်နိုင်အောင်နဲ့ သူ့မိန်းမ မခင်ငြိမ်းစိုးတို့ ၄ ဦး မိုင်းစထိမှန် ဒဏ်ရာရတယ် ၊ ဗိုလ်မှူးဖြစ်သူက မျက်နှာမှာ ထိမှန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်”လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။

ဒဏ်ရာရ လူနာတွေဟာ ချောင်းဦးပြည်သူ့ဆေးရုံကနေတဆင့် မုံရွာ နမခ စစ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသနေတယ်လို့ သိရပါတယ်။

မနေ့ သြဂုတ် ၁၈ ရက် ၊ ညနေ ၃ နာရီဝန်းကျင်ကလည်း ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ချပ်သင်းကျေးရွာအနီး ၊ ကန့်ဘလူ-ကျွန်းလှ-ကောလင်း ကားလမ်းမှာ ခရီးသည်တင်ကား ၁ စီး မိုင်းထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ၂ ဦးသေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရတာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ မကြာခဏ မိုင်းတွေပေါက်ကွဲတာကြောင့် မိုင်းစထိမှန် သေဆုံးတာတွေနဲ့ ဒဏ်ရာရတာတွေဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ ၊ ည ၈ နာရီဝန်းကျင်ကလည်း မန္တလေးမြို့ကနေ မုံရွာမြို့နယ် ၊ မုံရွေး ကြေးမုံရွာကို ကြွလာတဲ့ ဆရာတော် ၁ ပါးရဲ့ကားဟာ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီး ၊ မုံရွာ မန္တလေးကားလမ်းပေါ်မှာ မိုင်းထိမှန်တဲ့အတွက် ယာဥ်မောင်းဖြစ်သူ သေဆုံးခဲ့ပြီး ဆရာတော် ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက် ၊ နေ့လယ်ပိုင်းက ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ စိုင်နိုင်လေး ကျေးရွာ ၊ မန္တလေး ရွှေဘို ကားလမ်းဘေးမှာ မိုင်းပေါက်ကွဲတာကြောင့် အမျိုးသား ၄ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ၊ ခင်မွန် ကျေးရွာနားက မုံရွာ-မန္တလေး ကားလမ်းပေါ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက် ညနေပိုင်းက မိုင်း ၄ လုံး ဆက်တိုက်ပေါက်ကွဲပြီး မုံရွာ-ရန်ကုန် ခရီးသည်တင် ရွှေသလ္လာမှန်လုံကားကို ထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ၁ ဦး သေဆုံး၊ ခရီးသည် ၁၂ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် မနက်က ကန့်ဘလူမြို့နယ် ၊ ဘောကျေးရွာနား ရွှေဘို-မြစ်ကြီးနား ကားလမ်းမှာ မြစ်ကြီးနား-မန္တလေး ခရီးသည်တင် မှန်လုံကား ၁ စီး ၊ မိုင်းထိမှန်ပြီး ခရီးသည် ၁ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကလည်း ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် ၊ ကော်တောကျေးရွာရဲ့အနောက်ဘက် ခမ်းပတ်တောင်ခြေလမ်းမှာ မိုင်းပေါက်ကွဲတဲ့အတွက် ဒေသခံ ရွာသား ၃ ဦး ထိမှန်ဒဏ်ရာရတာ ဖြစ်ခဲ့ပါတယ်။

ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ဂွေးပင်တောကျေးရွာအနီး မုံရွာ-မန္တလေး ကားလမ်းမှာ မိုင်းပေါက်ကွဲပြီး ပုလဲ-မန္တလေး ခရီးသည်တင်ကား ထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရတာ ဖြစ်ခဲ့ပါတယ်။

ဇူလိုင် ၁၅ ရက် ၊ နေ့လယ်ပိုင်းက ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ပေကုန်း(တောင်)ရွာအဝင်လမ်းမှာ မိုင်းပေါက်ကွဲတာကြောင့် ချောင်းခြားကျေးရွာက တောင်သူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဒီလ ၁၉ ရက်အတွင်း စစ်ကိုင်းတိုင်းထဲက လမ်းတွေပေါ်မှာ သွားလာရင်း မိုင်ထိ သေဆုံးသူ ၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော် အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW