ရန်ကုန်မှာ ၂ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

သြဂုတ် ၂၀၊၂၀၂၂
KK(VOM)

ရန်ကုန်က မြို့နယ်အချို့မှာ ၂ရက်အတွင်း ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ရာ ရာအိမ်မှူး တဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ရာအိမ်မှူး ၂ဦးနဲ့အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ၁၁နာရီက မြောက်ဥက္ကလာပမြို့နယ် ၊ ၂ ရပ်ကွက်၊ သုမာလာ ၈ လမ်းမှာ ဇနီးနဲ့စက်ဘီးစီးပြန်လာတဲ့ ရာအိမ်မှူးဦးသောင်းဒန်ကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိပြီး မေဓါဝီဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

တွံတေးမြို့နယ်၊ စျေးသစ်ရပ်ကွက်၊ မြိုမစျေးထဲမှာ စျေးရောင်းနေတဲ့ ဦးခင်မောင်မြင့်ကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတဦးက ပစ်ခတ်ခဲ့လို့ ဦးခေါင်းမှာ ကျည်ထိမှန်ဒဏ်ရာရရှိကာ တွံတေးမြို့မဆေးရုံကိုပို့ဆောင်ထားရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ပစ်ခတ်ဗုံးပေါက်တဲ့ကိစွတွေနဲ့ပတ်သတ်ပြီး အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦး​က”ဒီလထဲမှာ မနည်းဘူး ပစ်တာ ခတ်တာတွေ၊ ဗုံးပေါက်တာတွေ ဟိုရက်က ပြန်နည်းသွားတယ် အခုရက်ပိုင်း ပြန်များလာတယ်”လို့ ပြောပါတယ်။

မနေ့ သြဂုတ် ၁၉ရက် ညပိုင်းကလည်း ကြည့်မြင်တိုင်မြိုနယ်၊ စက်ဆန်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းရှိ ကျူးကျော်အိမ်တစ်အိမ်မှာ ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသား​ ၆ ဦး ဗုံးစထိမှန်ပြီးသေဆုံးခဲ့တယ်လို့ စက်ဆန်းရပ်ကွက်နေသူတဦးက ပြောပါတယ်။

အလားတူ မနေ့မနက်ပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ ၁၅ ရပ်ကွက်၊ နီလာစျေးမှာ ရာအိမ်မှူး ဦးဝင်းဇော် သေနတ်နဲ့ပစ်သတ်ခံခဲ့ရသလို ရာအိမ်မှူးဟောင်း ဦးခင်မောင်စိုး ကိုလည်း သက်ဆိုင်ရာက ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ သြဂုတ်လ ၁ ရက်ကနေ သြဂုတ်၂၀ ရက်နေ့အတွင်း ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ၂၀ဦးရှိကာ ဒဏ်ရာရရှိသူ ၂၁ဦးရှိပြီလို့ VOMက ပြုစုထားတဲ့မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW